မင်းပြားမှာ တပ်နဲ့ AA တိုက်ပွဲပြင်းထန်၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ချင်းဖားပြိုကျေးရွာနားမှာ မနေ့ညက တပ်မတော်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက် ခံရပြီး တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ဦး သေနတ်ထိမှန် ဒဏ်ရာ ရခဲ့ပါတယ်။

မင်းပြားမြို့နယ် ချင်းဖားပြိုကျေးရွာနားမှာ မနေ့ည ၉ နာရီလောက်က တပ်မတော်ယာဉ်တန်းကို ရခိုင်တပ်တော် AA က ဆွဲမိုင်းနဲ့ မိုင်းခွဲတိုက်ခိုက်ခံရပြီး နှစ်ဖက်တိုက်ပွဲတွေဖြစ်နေရာမှာ ဒီနေ့မနက်အထိ ပစ်ခတ်မှုတွေရှိနေတယ် လို့ ဒေသခံတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က တပ်မတော်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက် ခံရတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံအမျိုးသမီးတစ်ဦး သေနတ်ထိမှန်ခဲ့တယ်လို့ သိရကြောင်း ပြော ပါတယ်။

"မနေ့တုန်းက စစ်တပ်က ကား ငါးစီး မိုင်းခွဲခံရတယ်လို့ကြားတယ်၊ ချင်းဖားပြိုနားတဝိုက်မှာ ည ၉ နာရီ ၁၀ နာရီမှာတော့ တိုက်ပွဲဖြစ်ခဲ့တာရှိတယ်လို့ ပြောတယ်၊ ၁၁နာရီလောက်မှာတော့ ငြိမ်သွားတယ်လို့ပြောတယ်၊ ချင်းဖားပြိုရွာမှာ ချင်းအမျိူးသမီးတစ်ဦး ဘယ်နေရာတော့မသိဘူး ဒဏ်ရာရတယ်လို့ ကျနော့်ကိုပြောတယ်"

မနေ့ညက နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် ချင်းဖားပြိုရွာက ဒေသခံ ချင်းအမျိုးသမီးတစ်ဦး နောက်ကျောမှာ သေနတ်ထိမှန်ခဲ့တာကြောင့် မင်းပြားဆေးရုံကို ပို့ဆောင်ကုသပေးနေရတယ်လို့ ဒေသခံတွေ၊ အကူညီပေး သူတွေက ပြောပါတယ်။

ဒဏ်ရာရ ချင်းအမျိုးသမီးကို အကူညီပေးနေတဲ့ ကိုကျော်တင်အောင်က သေနတ်ထိမှန်ခဲ့တဲ့ အမျိုးသမီးကို မင်းပြားဆေးရုံမှာ ခွဲစိတ်ကုသဖို့လုပ်နေတယ်လို့ ပြောပါတယ်။

"မနေ့ကဖားပြိုမှာ အမျိုးသမီးတစ်ဦးဟာ သူနေတဲ့အိမ် အပေါ့သွားတဲ့နေရာမှာ နောက်ကျောကို ကျည်မှန် သွားတာပေါ့၊ အသားနဲ့ အရေခွံကြားမှာ ကျဉ်ဝင်သွားတာ အပြင်ကနေ ပြင်ရတယ်၊ ခုမင်းပြားဆေးရုံမှာ ကျည်ထုတ်ဖို့ ခွဲစိတ်ဖို့ လုပ်နေကြတယ်"

တပ်မတော်ကား ငါးစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်မတော်နဲ့ AA တပ်ဖွဲ့တွေ မနေ့ည ၉ နာရီလောက်ကစပြီး ဖားပြိုကျေးရွာအနီးက တောင်ကုန်းမှာ ပစ်ခတ်နေကြရာမှာ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာတော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်ကလည်း တပ်မတော်စစ်ကြောင်းတစ်ခုဟာ တိုက်ပွဲတွေဖြစ်တဲ့ ချင်းဖားပြိုကျေးရွာအနီးက ဇေသာပြင်ကျေးရွာကို ဝင်ရောက်ပြီး ဘုန်းကြီးကျောင်းသားနှစ်ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားတယ်လို့ ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။

"ခုတော့ရွာက ထွက်သွားပြီ ချင်းဖားပြိုဘက်ကို အဲဘက်မှာတော့ သေနတ်ပစ်သံတွေကြားနေရတယ်၊ ဦးဇင်းဆီက ကျောင်းမှာနေတဲ့ ကောင်လေးနှစ်ယောက်ကို ခေါ်သွားတယ်၊ လမ်းပြအဖြစ်ခေါ်သွားတယ်၊ ငါပြောတယ် လွှတ်ပေးရမယ်ပြောတော့ ဖာပြိုရောက်ရင် ပြန်လွှတ်ပေးမယ်ပြောတယ်"

မနေ့ညက မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ကားသုံးစီး ထိခိုက်ပျက်စီးခဲ့သလို့ တိုက်ပွဲတွေဟာ ဒီနေ့မနက် အထိဖြစ်နေတာကြောင့် တပ်မတော်ဘက်က အကျအဆုံး အများအပြားရှိတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ မနေ့ညက ရန်ကုန်-စစ်တွေ ကားလမ်းအတိုင်း မင်းပြားမြို့ ကနေ ကမ်းနီဘက်သွားတဲ့ တပ်ယာဉ်တန်းကို AA အဖွဲ့က နေရာ ခြောက်ခုကနေ တိုက်ခိုက်ခဲ့တာကြောင့် အရာရှိ၊ စစ်သည်တချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒီနေ့မနက်က ထုတ်ပြန်ထားပါတယ်။ ထိခိုက်မှု အခြေအနေ အသေး စိတ်ကိုတော့ ပြောဆိုထားခြင်းမရှိပါဘူး။ တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တဲ့ AA အဖွဲ့ကို တပ်မတော်အနေနဲ့ အကြမ်းဖက်နှိမ်နင်းတာတွေ ဆက်လုပ်သွားမယ်လို့ ပြောထားပါတယ်။

မနေ့ညက တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်တာ၊ ဒေသခံတွေ ထိခိုက်မှုရှိတာနဲ့ တိုက်ပွဲမှာ အကျ အဆုံးရှိကြောင်း ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ရခိုင်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို မေးမြန်းရာမှာတော့ အခုလိုပြောပါတယ်။

ဇူလိုင် ၂ဝ ရက်နေ့ ည ၉ နာရီလောက်မှာ စစ်တွေ ရန်ကုန် ကားလမ်းမ မင်းပြားမြို့နယ်ထဲမှာ မြန်မာ့တပ်မတော်ဘက်က လက်ရှိလုပ်နေတဲ့ စစ်ဆင်ရေးအတွက် စစ်အင်အားဖြည့်လာတဲ့ ယာဉ်တန်းကို AA ဘက်က ဟန့်တားတဲ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။ မြန်မာစစ်တပ်ဘက်က ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေဘက်မှ အင်အားတွေ အလွန်အကျွံသုံးနေတဲ့အတွက်  တိုက်ပွဲတွေဖြစ်နေတာဖြစ်ပြီး တကယ်လို့ မြန်မာစစ်တပ်ဘက်က စစ်ဆင်ရေးရပ်လိုက်ရင် တိုက်ပွဲတွေ ရပ်သွားမှာ ဖြစ်တယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ ဒီနေ့ ဇူလိုင်လ ၂၁ ရက်နေ့အထိ သေဆုံးတဲ့ အရပ်သား ၂၇၄ ဦးနဲ့ ထိခိုက် ဒဏ်ရာရတဲ့ အရပ်သား ၅၈၇ ဦးအထိ ရှိနေပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/aa-army-conflict-one-civilian-injure-07212020062226.html


မင်းပြားမှာ တပ်နဲ့ AA တိုက်ပွဲပြင်းထန်၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ မင်းပြားမှာ တပ်နဲ့ AA တိုက်ပွဲပြင်းထန်၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 21:46 Rating: 5
Powered by Blogger.