တာရိုးကျိုးပြီး ဧရာဝတီမြစ်ရေဝင်လို့ မန္တလေး ဒေသခံ လေးထောင်ကျော် ရေဘေးဒုက္ခကြုံ

အမရပူရမြို့နယ်က မြို့ပတ်လမ်း တာရိုးကျိုးကျပြီး ဧရာဝတီမြစ်ရေ နေအိမ်တွေထဲကို ဝင်ရောက်လာတာကြောင့် ပစ္စည်းတွေကို ရေလွတ်ရာကို ရွှေ့ပြောင်းနေကြတာကို တွေ့ရစဉ် / ဓာတ်ပုံ - ခေမဏီဝင်း/ RFA
မန္တလေးတိုင်း အမရပူရမြို့နယ်က ရွှေဂဲရေဆိုးစွန့်စက်ရုံအနီး၊ မြို့ပတ်လမ်း တာရိုးကျိုးကျပြီး ဧရာဝတီမြစ်ရေ နေအိမ်တွေ၊ ကျေးရွာတွေထဲကို ဝင်ရောက်လာတာကြောင့် အမရပူရမြို့နယ်က လူဦးရေ ၄၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။

ရွှေဂဲရေဆိုးထုတ်စက်ရုံကို ရေကြီးရေလျှံမှု ကာကွယ်ရေးအတွက်ဆိုပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လက စတင်အကောင်အထည် ဖော်တည်ဆောက်ခဲ့တာပါ။

အာရှဖွံဖြိုးရေးဘဏ်ချေးငွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး တစ်နာရီကို ရေဂါလန် ၄.၇၅ သန်း စွန့်ပစ်နိုင်ပြီးတော့ မိုးရေချိန်များတဲ့အခါ ရွှေတချောင်း၊ သင်္ဂဇာချောင်း၊ ကန်တော်ကြီး နဲ့ နံကပ်အင်းတွေမှာ ရေနည်းအောင်လို့ ရည်ရွယ်တည်ဆောက်ထားတာလို့ သိရပါတယ်။

ဒါပေမဲ့ ဒီကနေ့မှာတော့ အဲဒီရွှေဂဲရေဆိုးစွန့်စက်ရုံအနီးက တာဘောင် ကျိုးကျခဲ့တာပါ။

လက်ရှိမှာ ရေကိုတားနိုင်ဖို့ သံခြင်းတွေလုပ်နေတယ်လို့ မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောပါတယ်။

"ခြင်းတွေရရင် ကျောက်တွေထည့်ပြီး ရေစီးတဲ့နေရာတွေချမယ်၊ ရေကိုထိန်းမယ်၊ ဆည်မြောင်းက အဖွဲ့က အဖွဲ့တွေနဲ့ လုပ်နေတယ်။"

ကျောက်တုံးတွေထည့်ရမယ့် သံခြင်းပေါင်း ၂၀၀၀ ကျော် ပြုလုပ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရေအားကို တားနိုင်ဖို့ဆိုရင် သုံးရက်လောက်ကြာမယ်လို့တော့ ကျွမ်းကျင်တဲ့သူတွေကပြောတယ်လို့ ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောပါတယ်။

ဒီကနေ့မနက်မှာ နေအိမ်တွေကို ရေစတင် ဝင်ရောက်လာတာဖြစ်ပြီး တချို့ကတော့ သိမ်းဆည်းချိန်ရလိုက်ပေမယ့် တချို့ကတော့ မရလိုက်ကြဘူးလို့ ရေဘေးဒုက္ခသည်တွေက ပြောကြပါတယ်။

ပုံမှန်နှစ်တွေ ရေဝင်တဲ့အခါမှာ တစ်ဖြေးဖြေးသာ ဝင်ရောက်တာဖြစ်လို့ သီးနှံစိုက်ခင်းတွေ ရိတ်သိမ်းချိန်ရခဲ့ပေမယ့် ဒီနှစ်မှာတော့ ရေဝင်တဲ့အရှိန်နဲ့ အချိန်က မြန်တာမို့ စိုက်ပျိုးထားတာတွေ မရလိုက်ဘူးလို့ ဆည်တည်းကျွန်းမှာ စိုက်ပျိုးရေးလုပ်ကိုင်တဲ့ မကြူသင်းက ပြောပါတယ်။

"မန္တလေးမိုးရွာများမှ ရေပုတ်ချောင်းကနေ တစိမ့်စိမ့်တက်တာ၊ အခုက တာရိုးက ပေါက်ကျတော့ လူတွေက အကုန်ပျာယာခတ်ကုန်ကြတာ။ စိုက်ပျိုးထားတဲ့ လေးငါးသိန်းတော့ ဆုံးရှုံးသွားပြီ။"

မကြူသင်း တို့ရွာဟာဆိုရင် မြေငှားရမ်းပြီး ဆလပ်ရွက်၊ ပင်စိမ်း၊ မုန့်ညင်းလို ကုန်စိမ်းသီးနှံတွေ စိုက်ပျိုးကြတဲ့ ဒေသဖြစ်ပါတယ်။

ဒေါ်ဆွေကတော့ ရေဝင်လို့ ကပျာကယာ ပြေးထွက်လာတဲ့အခါ ဆိုင်ကယ်တစ်စီးကိုသာ ယူချိန်ရခဲ့တယ်လို့ ပြောပါတယ်။

“ဗြုန်းဒိုင်းဆိုတော့ မလုပ်တတ်တော့ ဆိုင်ကယ်တစ်စီးပဲ တွန်းတင်လာတာ၊ အလုပ်ရှင်က လာခေါ်မှာမို့ စောင့်နေတာ"

မန္တလေးမြို့က ပရဟိတမြို့ဖြစ်လို့ အားလုံးကို လက်တွဲပြီးလုပ်နိုင်မယ်လို့ ယုံကြည်တယ်လို့ သင်္ဂဟ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးအောင်သူ ကပြောပါတယ်။

“ကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပေးနေတယ်။ အိမ်ထောင်စုပေါင်း ၇၀ ကျော်ပြောင်းရွှေ့ပြီးပြီ၊ ဒီဘက်ဆို ရေအလုံးအရင်းနဲ့ဝင်လာပြီး အိမ်ထောင်စုပေါင်း ၂၀၀ လောက်ရှိမယ်။"

တာဘောင်ကျိုးပြီး ရေဘေးဒဏ်ခံစားရသူ လူဦးရေ ၄၀၀၀ ကျော်လောက်ရှိပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်နေကြရတာပါ။

ဖွံဖြိုးရေးလုပ်ငန်းတွေလုပ်တဲ့အခါမှာ ဖွံဖြိုးရေးကြီးပဲ လုပ်တာမဟုတ်ဘဲ ထားသင့်ထားထိုက်တဲ့ ရေလွှမ်းလွင်ပြင်တွေထားရမယ်လို့ စိမ်းရောင်စို၊ သဘာဝစိမ်းအဖွဲ့ ဦးဆောင်သူ ဦးမောင်မောင်ဦးက ပြောပါတယ်။

“မြစ်တွေရဲ့ ရေလွှမ်းလွင်ပြင်တွေ အင်းတွေ၊ ချောင်တွေ၊ မြောင်းတွေကို ပိတ်ဆို့ပြီး ဆောင်ရွက်တဲ့အခါမှာ အကောင်းတွေရှိသလို အဆိုးတွေရှိတယ်။ တချို့ကိစ္စတွေက လုံးဝထိန်းသိန်းရမယ့် အရာတွေဖြစ်တယ်။ တချို့ကိစ္စတွေက ဖြေလျော့ရမယ့်အရာတွေဖြစ်တယ်။ ဒီနှစ်ခုကို ညီညွတ်မျှတစွာ မလုပ်နိုင်ရင် အနှစ်နှစ် အလလက စုဆောင်းထားသမျှက အချိန်တိုအတွင်း ထိရောက်သွားနိုင်ပါတယ်။ ဒီကနေ့ ဖြစ်စဉ်က ကံကောင်းတယ်လို့ပြောရမယ်။ ရေကလိုနေသေးတော့ တစ်ဖြေးဖြေးချင်းဝင်တော့ ရွှေ့ပြောင်းချိန်ရလိုက်တယ်။”

တာရိုး ကျိုးကျတဲ့နေရာကို ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ လာရောက် စစ်ဆေးခဲ့ပါတယ်။

မန္တလေးကနေ စစ်ကိုင်း၊ မုံရွာ၊ ရေဦး၊ ကလေး၊ ကလေးမြို့တွေကို ထွက်ရှိတဲ့လမ်းက စစ်ကိုင်း-မန္တလေးလမ်းနဲ့၊ မန္တလေးမြို့ပတ် ကမ်းနားလမ်းဆိုပြီး နေရာနှစ်ခုရှိရာမှာ မြို့ပတ်ကမ်းနားလမ်းက ပျက်စီးသွားတဲ့အတွက် လမ်းမကြီးတစ်ခုတည်းကိုသာ အသုံးပြုသွားလာနေကြရလို့ လမ်းကြောတွေ ကြပ်တည်းနေပါတယ်။

ရေဝင်ရောက်ရာ နေရာတွေကို မန္တလေးမြို့က လူမှုကူညီရေးအသင်းကားတွေ အားလုံးရောက်ရှိနေကြပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

ဧရာဝတီမြစ်ရေဟာဆိုရင် မန္တလေးမြို့မှာ စိုးရိမ်ရေအမှတ်က ၁၂၆၀ စင်တီမီတာဖြစ်ပြီး ၁၁၈၆ စင်တီမီတာကို ရောက်ရှိနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ ညနေက ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/flooding-evacuation-situation-in-mdy-07202020060624.html
တာရိုးကျိုးပြီး ဧရာဝတီမြစ်ရေဝင်လို့ မန္တလေး ဒေသခံ လေးထောင်ကျော် ရေဘေးဒုက္ခကြုံ တာရိုးကျိုးပြီး ဧရာဝတီမြစ်ရေဝင်လို့ မန္တလေး ဒေသခံ လေးထောင်ကျော် ရေဘေးဒုက္ခကြုံ Reviewed by THITHTOOLWIN on 17:50 Rating: 5
Powered by Blogger.