ဘက်မလိုက်မူဝါဒအတိုင်း နိုင်ငံကြီးနှစ်ခုအကြား မြန်မာရပ်တည်မည်

အမေရိကန်နိုင်ငံ အလံနဲ့ တရုတ်နိုင်ငံအလံ
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံကြား အပြန်အလှန် ပြောဆိုနေကြပေမဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဘက်မလိုက်မူအတိုင်း ရပ်တည်မယ့်အကြောင်း တုံ့ပြန်လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံအရေးမှာ တရုတ်နိုင်ငံရဲ့ ဆောင်ရွက်မှုတွေအပေါ် အမေရိကန်သံရုံး အကြီးအကဲက မကြာသေးခင်ကပဲ ထိုးနှက်ဝေဖန် ပြောဆိုလိုက်တဲ့အပေါ် တရုတ်နိုင်ငံကလည်း ချက်ခြင်းဆိုသလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီး နှစ် နိုင်ငံကြား သံတမန်ရေးအရ အချေအတင် ဖြစ်စရာတွေ ပေါ်ပေါက်နေပေမဲ့လည်း မြန်မာနိုင်ငံ အနေနဲ့ကတော့ လက်ရှိနိုင်ငံခြားရေး မူဝါဒတွေအတိုင်း ဆက်လက် ရပ်တည်နေဆဲ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနရဲ့ ညွှန်ကြားရေးမှုးချုပ် ဦးအောင်ကိုက ဗွီအိုအေကို အခုလို ပြောပါတယ်။

“လွတ်လပ်ပြီး တက်ကြွတဲ့ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒနဲ့အညီ ဆက်လက်ကျင့်သုံးတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးလည်း အလေးထားပါတယ်။ အရှေ့ရယ်၊ အနောက်ရယ်လို့ မဟုတ်ပါဘူးနော်။ နိုင်ငံတိုင်းနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ကျနော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ အညီ ဆောင်ရွက်နေတဲ့ နိုင်ငံ၊ လိုက်နာကျင့်သုံးနေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်ပေါ့နော်။ ဘယ်နိုင်ငံနဲ့ မဆို ဆက်ဆံရေးကောင်းအောင် ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ထူထောင်ထားတယ်။ ဒါပေမဲ့ ဒီကိစ္စကတော့ သူတို့ရဲ့ သံရုံးရဲ့ သဘောထားကို ထုတ်ဖော်ပြီး ပြောကြားတာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့လည်း လူကြီးတွေကိုတော့ သက်ဆိုင်ရာကိုတော့ တင်ပြထားပါတယ်။”

မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံး ယာယီတာဝန်ခံ George Sibley ရဲ့ သဘောထားအမြင် ဆောင်းပါးမှာတော့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကြောင့် အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထိခိုက်နေတယ်ဆိုပြီး ရေးသားထားတာပါ။ တရုတ်နိုင်ငံက စီးပွားရေး လုပ်ငန်းတွေကြောင့် မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေ ထိခိုက်နစ်နာရကြောင်းလည်း ပြောဆိုထားပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ အမေရိကန်သံရုံးယာယီတာဝန်ခံရဲ့ ရေးသားချက်ဟာ အမေရိကန်က အရှေ့တောင်အာရှမှာ သံတမန်ရေးအရ ခြေလှမ်းသစ်ပြင်လာတာ ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

“အမေရိကန်အစိုးရအနေနဲ့ အရှေ့တောင်အာရှ ဒေသမှာ တရုတ်နဲ့ပတ်သက်တဲ့ ဆက်ဆံရေးဆိုင်ရာ ခြေလှမ်းသစ်တစ်ခုကို အစပြုဖို့ ဦးတည်လိုက်တယ်လို့ မြင်ပါတယ်။ တစ်နည်းအားဖြင့်တော့ အရှေ့တောင်အာရှနိုင်ငံတွေအပေါ်မှာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးအရ စီးပွားရေးအရ လွှမ်းမိုးမှုတွေကို လျော့ချနိုင်ဖို့၊ တန်ပြန်နိုင်ဖို့ ရည်ရွယ်တဲ့ ကနဦးခြေလှမ်း၊ ဖြစ်လိမ့်မယ်လို့ သုံးသပ်ပါတယ်။”

အမေရိကန်သံတမန်ရဲ့ ရေးသားချက်အပေါ်မှာတော့ တရုတ်-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး အဆင်ပြေနေတာကို မနာလိုမရှုစိမ့်တဲ့ လုပ်ရပ်အဖြစ် မြန်မာနိုင်ငံအခြေစိုက် တရုတ်သံရုံးကလည်း ချက်ခြင်းဆိုသလို တုံ့ပြန်ခဲ့ပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက်အောင် ကြိုးပမ်းတဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေဟာ အောင်မြင်မှုရှိမှာ မဟုတ်ကြောင်းလည်း တရုတ်သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။ နိုင်ငံရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ အင်အားကြီး ၂ နိုင်ငံကြား သံတမန်ရေးတင်းမာမှုတွေကြားမှာ မြန်မာနိုင်ငံအနေနဲ့ ဆက်ဆံရေးမှာ သတိထားဖို့လိုမယ်လို့ သုံးသပ်ပါတယ်။

“တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ အိမ်နီးချင်း မဟာအင်အားကြီး နိုင်ငံဖြစ်သလို၊ မြန်မာနိုင်ငံထဲမှာလည်း တရုတ်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စီမံကိန်းတွေ အများအပြား ရှိတာတွေလည်း တစ်ကြောင်း၊ နောက် အမေရိကန်ပြည်ထောင်စုဟာဆိုရင်လည်း ကျနော်တို့နိုင်ငံ ဒီမိုကရေစီအပြောင်းအလဲအတွက်ကို အင်မတန်မှ အရေးကြီးတဲ့၊ အမေရိကန်ပြည်ထောင်စုရဲ့ ထောက်ခံမှုနဲ့အတူ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို ဆက်ပြီးဖော်ဆောင်ရန် လိုအပ်နေတဲ့ အခြေအနေဖြစ်တဲ့အခါကျတော့ ဒီနှစ်နိုင်ငံလုံးနဲ့ ဆက်ဆံရေးကို အမျှော်အမြင်ရှိရှိနဲ့ သူလည်းနိုင်၊ ကိုယ်လည်း နိုင်၊ နောက် ပြည်သူလူထုလည်း အကျိုးရှိမယ့် ဘက်ကနေ ဦးတည်ဖော်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ”
တရုတ်သမ္မတ Xi Jinping
မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဘက် နိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံဟာ အရင်တုန်းက မြန်မာစစ်အစိုးရတွေ လက်ထက်ကတည်းက နိုင်ငံရေး၊ စီးပွားရေးအရ သြဇာညောင်းတယ်လို့ အများက ယူဆခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက်မှာလည်း တရုတ်နိုင်ငံက ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးပမ်းတာတွေ ရှိခဲ့သလို၊ တရုတ်သမ္မတ Xi Jinping ကိုယ်တိုင်လည်း ဒီနှစ် ဇန်နဝါရီလထဲမှာပဲ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း တရုတ်နိုင်ငံရဲ့ ခါးပတ်လမ်းစီမံကိန်းနဲ့ ပတ်သက်တာတွေ အပါအဝင် သဘောတူညီချက် ၃၃ ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မိုးဇော်  / ဗွီအိုအေ ( မြန်မာပိုင်း)
https://burmese.voanews.com/a/us-china-myanmar/5509546.html
ဘက်မလိုက်မူဝါဒအတိုင်း နိုင်ငံကြီးနှစ်ခုအကြား မြန်မာရပ်တည်မည် ဘက်မလိုက်မူဝါဒအတိုင်း နိုင်ငံကြီးနှစ်ခုအကြား မြန်မာရပ်တည်မည် Reviewed by THITHTOOLWIN on 17:57 Rating: 5
Powered by Blogger.