၀ ၊ မိုင်းလားနဲ့ တိုင်းရင်းသားဒေသတချို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေနည်း


နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ၀နဲ့ မိုင်းလား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာ နယ်မြေတွေ အပါအဝင် တိုင်းရင်းသား ဒေသတချို့မှာရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အလားအလာနည်းပါးနေတဲ့ အကြောင်း ကိုမိုးဇော် ပြောပြပါမယ်။

UWSA ခေါ် ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ မိုင်းလားအဖွဲ့လို့ လူသိများတဲ့ NDAA ခေါ် အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် ထိန်းချုပ်ရာဒေသတွေမှာ ဒီနှစ်လည်း ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ မရေမရာ အခြေအနေနဲ့ ဖြစ်ပါတယ်။

အထူးဒေသ ၂ နဲ့ အထူးဒေသ ၄ အဖြစ် သတ်မှတ်ထားတဲ့ UWSA ထိန်းချုပ်ရာ ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက မြို့နယ် ၄မြို့နယ်နဲ့ မိုင်းလားအဖွဲ့က ထိန်းချုပ်ထားတဲ့ ကျိုင်းတုံခရိုင် မိုင်းလားမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၀နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာလည်း ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့ပါဘူး။

ဒီနှစ်ဖေဖော်ဝါရီလကုန်ပိုင်းကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းဟာ UWSA ထိန်းချုပ်ရာ မြို့နယ် ၄မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပန်ဆန်းမြို့ကို သွားရောက် ဆွေးနွေးခဲ့ပေမဲ့ လောလောဆည်မှာ နိုင်ငံရေးပါတီအများစုဟာ ဒီဒေသတွေမှာ အမည်စာရင်းတင်သွင်း ထားတာမရှိပါဘူး။

ဒီနှစ်အစောပိုင်းမှာ ၀နိုင်ငံရေးပါတီ ၃ပါတီ ပူးပေါင်းဖွဲ့စည်းလိုက်တဲ့ ၀ အမျိုးသားပါတီအနေနဲ့လည်း ဒီ ၄မြို့နယ်မှာ အမည်စာရင်း တင်သွင်းတာမရှိသလို အခြားပါတီတွေလည်း တင်သွင်းတာ မကြားသိရကြောင်း ၀အမျိုးသားပါတီရဲ့ အထွေထွေ အတွင်းရေးမှုး ဦးဆမ်ဆောင်ကားက VOA ကို အခုလို ပြောပါတယ်။

“ အဲဒီမြို့နယ်တွေကတော့ ကော်မရှင်ကတော့ လက်နက်ကိုင်အဖွဲ့နဲ့လည်း သူတို့ ညှိနှိုင်းခဲ့ပြီးပြီ။ လက်နက်ကိုင်အဖွဲ့က ဆက်ပြီးတော့ လုပ်နိုင်အောင် ကူညီပေးမယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ အခုထက်ထိတော့ အဲဒီဘက်မှာ လျှောက်လွှာတင်တဲ့ပါတီတွေလည်း မတွေ့ရဘူး။ ပါတီကြီးတွေက အစလေ။ လျှောက်လွှာတင်ထားတာ မကြားဘူး။ အဲဒါကြောင့်မို့လို့ ကျနော်တို့ပါတီအနေနဲ့က ဝင်ရောက်ယှဉ်ပြိုင်ဖို့လည်း တော်တော်လေး ခက်ပါတယ်။ အဲဒါကြောင့် အဲဒီဘက်မှာ ပြိုင်ဖို့တော့ မရှိလောက်ဘူးထင်တယ်။ အခုအသေချာဆုံးကတော့ ၀ တိုင်းမှာ ဟိုပန်မြို့နယ်မှာ ၃နေရာ၊ မက်မန်းမှာ ၃နေရာ၊ နောက်ပြီးတော့မှ အမျိုးသားလွှတ်တော်လည်း ဝင်ရောက်ယှဉ်ပြိုင်မယ် အဲဒီ ၇နေရာတော့ သေချာသလောက်တော့ ရှိပါတယ်နော်။”

၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာ ၆မြို့နယ်ရှိရာမှာ ဟိုပန်နဲ့ မက်မန်းက အစိုးရထိန်းချုပ်ထားပြီး ပန်ဝိုင်၊ မိုင်းမော၊ နားဖန်၊ ပန်ဆန်း(ပန်ခမ်း)မြို့နယ်တွေကတော့ UWSA က ထိန်းချုပ်ထားတာပါ။ ၀ အမျိုးသားပါတီဟာ ဝ အမျိုးသား စည်းလုံး ညီညွတ်ရေးပါတီ၊ ဝ ဒီမိုကရက်တစ် ပါတီနှင့် ဝ လစ်ဘရယ် ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေး ပါတီ တို့ ပူးပေါင်းတည်ထောင်ထားတာဖြစ်ပြီး ကျိုင်းတုံ၊ တာချီလိတ်၊ တန့်ယန်း၊ မိုင်းရှုး၊ မိုင်းပျဉ်းစတဲ့မြို့နယ်တွေမှာ ကိုယ်စားလှယ်ရရှိရေးအတွက် ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

ရှမ်းပြည်နယ်အတွင်းက အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအနေနဲ့လည်း UWSA ထိန်းချုပ်ရာ မြို့နယ် ၄မြို့နယ် အပါအဝင် မိုင်းလားအဖွဲ့ခေါ် NDAA ထိန်းချုပ်ရာ မိုင်းလားမြို့နယ်မှာလည်း ဝင်ရောက်ယှဉ်ပြိုင်ဖို့ မသေချာကြောင်း SNLD ပါတီ တွဲဘက်အထွေထွေ အတွင်းရေးမှုး ၁ စိုင်းကျော်ညွှန်က ပြောပါတယ်။

“ လောလောဆည်တော့ UEC က မြို့ ၃၃၀လုံးကို ကြေညာထားတယ်ဆိုပေမဲ့ အဲဒီနေရာက ရွေးကောက်ပွဲ ကျင်းပ ဖြစ်ဖို့၊ မဖြစ်ဖို့ဆိုတာ သိပ်မသေချာသေးဘူးပေါ့ဗျာ။ နည်းနည်းအနီးကပ်မှပဲ သူတို့ ပြန်ကြေညာမလား ဘာညာတော့ ရှိနိုင်တာပေါ့။ အဲဒီနေရာတွေကတော့ ကျနော်တို့နဲ့ အလှမ်းဝေးတယ်။ ကျနော်တို့ လောလောဆည်တော့ မရှိဘူးဗျ။ ၀ ဒေသမှာနေတဲ့ လူတွေရဲ့ မှတ်ပုံတင်တို့ဘာတို့ အခုထိ အခက်အခဲရှိတယ်လေ။ ကျနော်တို့ ကြားသလောက်တော့။ အဲဒါ မရှိဘဲနဲ့ ကျနော်တို့ ဘယ်လို မဲပေးကြမလဲပေါ့။ မိုင်းလားကတော့လည်း သိပ်တော့ မသေချာဘူးဗျ။ ပြီးတဲ့ ခေါက်က မလုပ်ဘူးလေ မိုင်းလားကလည်း။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မဲဆန္ဒနယ်မြေစာရင်း ထုတ်ပြန်ချက်မှာတော့ ၀နဲ့မိုင်းလားဒေသတွေကိုလည်း ထည့်သွင်းထားတာပါ။

၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ၀၊ ရှမ်း၊ လားဟူ၊ အခါ စတဲ့တိုင်းရင်းသားတွေ စုပေါင်းနေထိုင်ပြီး LNDP ခေါ် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီကလည်း ၀ဒေသက ၄ မြို့နယ်မှာ ကိုယ်စားလှယ်အမည် တင်သွင်းထားတာ မရှိပါဘူး။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ရှမ်းပြည်နယ် ၅၅မြို့နယ်မှာ ဒီ ၅မြို့နယ်မှာတော့ ရွေးကောက်ပွဲ ကျင်းပဖို့ အလားအလာနည်းကြောင်း အခုလို သုံးသပ်ပြောဆိုပါတယ်။

“ ကျနော် သိသလောက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာကော၊ ၂၀၁၅ရွေးကောက်ပွဲမှာကော UWSA ဒီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ၀ ကိုယ်ပိုင်အုပ်ချုပ်ရေးတိုင်းအောက်က ၄မြို့နယ်ရော၊ ရှမ်းအရှေ့က မိုင်းလားမြို့နယ် စုစုပေါင်း ၅မြို့နယ် ရွေးကောက်ပွဲ မလုပ်ခဲ့ဘူး။ ဒါ တစ်ချက်ပေါ့။ ဒုတိယတစ်ချက်အနေနဲ့ ပြောရင် လက်ရှိ ရွေးကော်က ဆွေးနွေးတာကတော့ မိုင်းလားမပါဘူး။ ၀ တော့ ပါတယ်။ ဒါပေမဲ့ ဒီဒေသတွေက လက်ရှိ အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားမရှိတဲ့ ဒေသတွေဖြစ်ပါတယ်။ အဲတော့ လက်ရှိ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား မရှိဘဲ ရွေးကောက်ပွဲ လုပ်ဖို့ ဆိုတာကတော့ ကျနော်ကတော့ မဖြစ်နိုင်ဘူးလို့ပဲ ထင်ပါတယ်။”

အမည်မဖော်လိုတဲ့ ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိသူ တစ်ဦးကတော့ UWSA ထိန်းချုပ်ရာ ၄မြို့နယ်မှာ မဲစာရင်း ပြုစုလို့ မရသေးကြောင်းနဲ့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းက ၂မြို့နယ်မှာသာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖွယ်ရှိကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး UWSA က ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းနိုင်ဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲကာလမှာတော့ ရှမ်းပြည်နယ်က ၅၅မြို့နယ်မှာ ၀နဲ့ မိုင်းလား ၅မြို့နယ်အပြင် ကျေးသီးနဲ့မိုင်းရှုးမြို့နယ်တွေမှာပါ လုံခြုံရေးအခြေအနေတွေကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်တာ မရှိခဲ့ပါဘူး။

မိုးဇော်  / ဗွီအိုအေ ( မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-election-uwsa-mndaa-region-/5512037.html
၀ ၊ မိုင်းလားနဲ့ တိုင်းရင်းသားဒေသတချို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေနည်း ၀ ၊ မိုင်းလားနဲ့ တိုင်းရင်းသားဒေသတချို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေနည်း Reviewed by THITHTOOLWIN on 06:51 Rating: 5
Powered by Blogger.