မြန်မာအလုပ်သမားတွေကို တပ်မတော်ယာဉ်တွေနဲ့ ခေါ်ယူဖို့ အရေးကြီးအဆို ရှုံးနိမ့်

မြဝတီနယ်စပ်၊ ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်ရေး တံတားပေါ်မှတဆင့် နေရပ်ပြန်လာသော မြန်မာနိုင်ငံသားများ။ Photo: Than Zin Aung/Facebook
ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကို ရောက်နေတဲ့ မြန်မာအလုပ်သမားတွေကို တပ်မတော်သုံး စစ်ရေယာဉ်၊ လေယာဉ်တွေနဲ့ ပြန်ခေါ်ဖို့ ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ အရေးကြီးအဆို တင်သွင်းရာမှာ အဆိုရှုံးနိမ့်သွားပါတယ်။

ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က အ‌ရေးကြီးအဆို တင်သွင်းခဲ့တာဖြစ်ပြီး ထောက်ခံသူ ၁၂၅ ယောက်သာ ရှိတဲ့အတွက် အဆိုရှုံးနိမ့်သွားခဲ့တာပါ။

အခုချိန်မှာ ပြည်ပရောက် မြန်မာအလုပ်သမားတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံထဲကို နည်းလမ်းပေါင်းစုံနဲ့ ဝင်ရောက်နေတဲ့အကြောင်း၊ ဒါပေမဲ့ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ မြန်မာနိုင်ငံကိုပြန်လာဖို့ အခက်ခဲမျိုးစုံကြုံနေရပြီး မြန်မာအလုပ်သမား ၁၀ ယောက် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့ကြတဲ့အကြောင်း၊ မလေးရှားနိုင်ငံက မြန်မာသံရုံးမှာ ပြန်ဖို့စာရင်းပေးထားသူ နှစ်သောင်းကျော်ရှိနေကြောင်း အဆိုမှာ ဦးခင်မောင်မြင့်က ထည့်သွင်းပြောဆိုထားပါတယ်။

မြန်မာ့တပ်မတော်မှာ လူအင်အားတစ်ထောင်လောက် သယ်နိုင်တဲ့ ဘက်စုံသုံးရေယာဉ်တွေ ရှိတဲ့အပြင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးတွေမှာ တပ်မတော်ကလည်း ပူးပေါင်းပါဝင်နေတဲ့အတွက် မလေးရှားရောက် မြန်မာအလုပ်သမားတွေကို ပြန်ခေါ်ပေးနိုင်ဖို့ နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆောင်ရွက်ပေးဖို့ အစီစဉ် ရှိ- မရှိကို သိချင်တဲ့အကြောင်း အဆိုတင်သွင်းတာပါ။

ဒါ့အပြင် ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေကလည်း မြန်မာနိုင်ငံကို ပြန်လာဖို့အတွက် MAI, MNA လေယာဉ်တွေနဲ့ သယ်ဆောင်ပေးပေမဲ့ နှောင့်နှေးကြန့်ကြာနေတဲ့အကြောင်း၊ ရွေးကောက်ပွဲအမီ မဲပေးနိုင်ဖို့အတွက် တပ်မတော်သုံး လေယာဉ်၊ ရေယာဉ်တွေသုံးပြီးခေါ်ဖို့ ပြည်ထောင်စုအစိုးရအနေနဲ့ နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆောင်ရွက်ပေးဖို့ အစီစဉ်ရှိ မရှိကို သိချင်တဲ့အကြောင်း အဆိုထဲမှာ ပါဝင်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ တင်သွင်းတဲ့ အရေးကြီးအဆိုကို ထောက်ခံသူ ၁၄၄ ယောက်ရှိမှသာ ဆွေးနွေးခွင့်ရမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် တင်သွင်းတဲ့ အရေးကြီးအဆိုကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံကြပေမယ့်  ထောက်ခံသူစုစုပေါင်း ၁၂၅ ယောက်သာ ရှိတဲ့အတွက် အဆိုရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/nld-opposes-military-mp-urgent-proposal-of-repartriation-flight-plan-for-migrant-workers-07212020114425.html
မြန်မာအလုပ်သမားတွေကို တပ်မတော်ယာဉ်တွေနဲ့ ခေါ်ယူဖို့ အရေးကြီးအဆို ရှုံးနိမ့် မြန်မာအလုပ်သမားတွေကို တပ်မတော်ယာဉ်တွေနဲ့ ခေါ်ယူဖို့ အရေးကြီးအဆို ရှုံးနိမ့် Reviewed by THITHTOOLWIN on 06:52 Rating: 5
Powered by Blogger.