ကိုယ်ပိုင်အထက်တန်းကျောင်းတွေနဲ့အတူ ဘော်ဒါနဲ့ ကျုရှင်တွေပါ ဖွင့်ခွင့်ပေးဖို့တောင်းဆို


 အိပ်ဆောင်မပါတဲ့ ပုဂ္ဂလိကကျောင်းတွေ၊ အိပ်ဆောင်ပါတဲ့ ဘော်ဒါနဲ့ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်း ကျူရှင်တွေကိုပါ ကိုရိုနာဗိုင်းရပ်စ်ကာလ ကန့်သတ်ချက်၊ ညွှန်ကြားချက်တွေနဲ့အညီ ပြန်ဖွင့်ခွင့်ပေးဖို့ ပုဂ္ဂလိက ပညာရေးကဏ္ဍဖွံ့ဖြိုးမှု ကွန်ရက် အဖွဲ့ဝင်တွေဦးဆောင်ပြီး ဒီနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

ဇူလိုင် ၂၁ ရက်နေ့ကစပြီး အိပ်ဆောင်မပါတဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေပဲ ဖွင့်ခွင့်ပြုမယ်လို့ အစိုးရပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့အပေါ် အိပ်ဆောင်မပါတဲ့ ကိုယ်ပိုင်ကျောင်းဆိုတာ အတော်ရှားတဲ့အတွက် မခွဲခြားဘဲ ပုဂ္ဂလိက ကိုယ်ပိုင်စာသင်ကျောင်းတွေအကုန်လုံးကို ပြန်ဖွင့်ခွင့်ပြုဖို့တောင်းဆိုတယ်လို့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မကွေးတိုင်းက ပုဂ္ဂလိကကျောင်းဆရာ ဒေါက်တာ ခင်မောင်ဝင်းက ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာ ကိုယ်ပိုင်သာသာရပ်သင်တန်းကျောင်း ဖွင့်လှစ်ထားတဲ့ ဆရာမ ဒေါ်လှသူဇာကလည်း ကျောင်းသား ကျောင်းသူတွေရဲ့ ပညာရေးနောက်ကျမှာစိုးရိမ်လို့ အခုလိုတောင်းဆိုတာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

ရန်ကုန်တိုင်းမှာတင် ပုဂ္ဂလိကစာသင်ကျောင်းပေါင်း ၂၁၆ ကျောင်းရှိပါတယ်။

အစိုးရစာသင်ကျောင်းတွေနဲ့ဝေးတဲ့ နေရာဒေသတွေက ကျောင်းသားကျောင်းသူတွေဟာ ဘော်ဒါလို ကိုယ်ပိုင်သာဘာရပ်သင်တန်းကျောင်းတွေမှာ ကျောင်းအိပ်ကျောင်းစားနဲ့ ပညာသင်ကြရတာဖြစ်ပြီး ဖွင့်ခွင့်မပေးရင် ပညာရေးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ မော်လမြိုင်ကျွန်းမြို့နယ်က ဆရာဦးမင်းဇော်လတ်က ပြောပါတယ်။

အစိုးရစာသင်ကျောင်းတွေနဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေဖြစ်ပြန်ဖွင့်ခွင့်ပြုပေမယ့် ပုဂ္ဂလိက ဘော်ဒါဆောင်တွေနဲ့ ကျုရှင်စာသင်တန်းကျောင်းတွေကို ဖွင့်ခွင့်မပြုတာဟာ မျှတမှုမရှိဘူးလို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုယ်ပိုင်ကျောင်းဆရာများ သမဂ္ဂ ဥက္ကဋ္ဌ ဦးမြင့်ဝင်းကျော်က သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်လိုက်ပါတယ်။

အခုလာမယ့် ပညာသင်နှစ်အတွက် ပုဂ္ဂလိက ဘော်ဒါနဲ့ ကျူရှင်တွေမှာ တက်ရောက်မယ့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ တစ်သန်းနီးပါးရှိတယ်လို့ ဆရာတွေကပြောပါတယ်။

ပုဂ္ဂလိက ပညာရေးကဏ္ဍဖွံ့ဖြိုးမှု ကွန်ရက်ဟာ တစ်နိုင်ငံလုံးက ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း တည်ထောင်သူတွေ၊ ဆရာ ဆရာမတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကိုယ်ပိုင်အထက်တန်းကျောင်းတွေနဲ့အတူ ဘော်ဒါနဲ့ ကျုရှင်တွေပါ ဖွင့်ခွင့်ပေးဖို့တောင်းဆို ကိုယ်ပိုင်အထက်တန်းကျောင်းတွေနဲ့အတူ ဘော်ဒါနဲ့ ကျုရှင်တွေပါ ဖွင့်ခွင့်ပေးဖို့တောင်းဆို Reviewed by THITHTOOLWIN on 18:11 Rating: 5
Powered by Blogger.