မှုခင်းသတင်းထောက်တွေ ခြိမ်းခြောက် ငွေတောင်းရင် တိုင်ကြားဖို့ သမ္မတရုံး ပြော

မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း ကျောက်တန်းမြို့နယ် ရုံးခွဲကို တွေ့ရစဉ် / Photo: MCRA
မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းကို ဖျက်သိမ်းခိုင်းထားတာကြောင့် မှုခင်းသတင်းထောက်တွေက လုပ်ပိုင်ခွင့်ကို အသုံးချပြီး ခြိမ်းခြောက်တာ၊ ငွေတောင်းတာတွေရှိရင် တိုင်ကြားဖို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

မှုခင်းသတင်းထောက်များအသင်းကို ဖျက်သိမ်းလိုက်ပေမယ့် တချို့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မှုခင်းသတင်းထောက်ဆိုသူတွေက ခြိမ်းခြောက်၊ ငွေတောင်းတာတွေ ရှိနေတုန်းပါပဲ။

အဲဒီလို လုပ်ကိုင်ဆောင်ရွက်နေတာကို ခွင့်ပြုမထားတာကြောင့် ဆက်ရှိနေသေးရင် ဝိုင်းတိုင်ကြားကြဖို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇူလိုင် ၁၇ ရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“သူက နဂိုကတည်းက အောက်ခြေမှာဆက်ဆံရေးတွေက အဆင်ပြေလို့သုံးတာလည်း ဖြစ်ကောင်းဖြစ်မယ် ပေါ့နော်။ လုံခြုံရေးအဖွဲ့အစည်းတချို့က။ သုံးတဲ့အခါမှာ ဒီအပေါ်မှာ အခွင့်ကောင်းယူပြီးတော့ ငွေညှစ်တာ တွေရှိတယ်။ ဒီတော့ ဒါမျိုးတွေ ပါလာရင်၊ လုပ်နေတယ်ဆိုရင် သတင်းမီဒီယာတွေမှာလည်း Network တွေ၊ ကွန်ရက်တွေရှိတယ်။ Press Council လို အဖွဲ့အစည်းရှိတယ်။ ဒါမျိုးကနေ ပြန်ကြားရေးကို တိုင်ကြားလို့ ရပါတယ်။ တိုင်လည်း တိုင်သင့်တယ်။ အဲလိုလုပ်မှလည်း သန့်သွားမှာဖြစ်တယ်။ မဟုတ်ရင် အုတ်ရောရော၊ ကျောက်‌ရောရောပေါ့နော်။ ဟိုတစ်နေ့ကဆိုရင် ကျနော်တို့ မီဒီယာကတ်ကိုင်တာ တွေ့တာရှိတယ်။ နေပြည် တော်တိုင်း သတင်းထောက်ကတ်တွေကိုင်တာ တွေ့ရတယ်။ အဲဒီလိုကတ်တွေနဲ့ အောက်ခြေမှာလုပ်စားနေတာ အများကြီးရှိပါတယ်”

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တစ်ခုမှာလည်း လုံခြုံရေး အနီးကပ်စည်းထဲမှာ မှုခင်းသတင်းထောက်ကတ်ပြား၊ လုံခြုံရေး တာဝန်ယူထားသူရဲ့ ဝတ်စုံနဲ့ ဆင်တူးရိုးမှား ဝတ်ဆင်ထားတဲ့ မှုခင်းသတင်းထောက်တွေ ရှိနေတာကြောင့် နှင်ထုတ်ခဲ့ရတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံတော် လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ အသွင်ယူထားတဲ့ တူညီဝတ်စုံ ယူနီဖောင်း တွေကို ဝတ်ဆင်တာမလုပ်ဖို့၊ ဝတ်ဆင်ရင် တရားဥပဒေအရ အ‌ရေးယူမယ့်အကြောင်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီတုန်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီနှစ် ဇူလိုင်လဆန်းပိုင်းမှာလည်း နိုင်ငံတော်သမ္မတ လမ်းညွှန်ချက်၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒ စိုးမိုးရေး ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်ထောင်စု မှတ်ပုံတင်ရေးအဖွဲ့က မြန်မာနိုင်ငံ မှုခင်း သတင်းထောက်များအသင်းကို မှတ်ပုံတင်ခွင့်ပြုထားတဲ့စာရင်းကနေ ပယ်ဖျက်လိုက်တဲ့အကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာခဲ့တာပါ။

အဲဒီလိုထုတ်ပြန်ပြီး ဇူလိုင် ၁၄ ရက်က ရှမ်းပြည်နယ် လားရှိုးမြို့မှာ ပြည်သူ့ဝန်ထမ်း အယောင်ဆောင်ထားတဲ့ မှုခင်းသတင်းထောက် နှစ်ယောက်က လူ ငါးယောက်ကို မူးယစ်ဆေးဝါး သုံးတယ်ဆိုပြီး လက်ထိပ်ခတ် ဖမ်းဆီး၊ ငွေတောင်းတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီသတင်းထောက် နှစ်ယောက်ကိုလည်း ရဲတပ်ဖွဲ့က ပုဒ်မ ငါးခုနဲ့ တရားစွဲဆိုထားတဲ့အကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ငွေတောင်းတဲ့သူ၊ ချိန်းခြောက်တဲ့သူတွေအများစုက သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ရင်းနှီးကျွမ်းဝင်သူတွေ ဖြစ်နေတယ်လို့ လားရှိုးမြို့ ရှမ်းလူငယ်အဖွဲ့က ကိုစိုင်းဟန်က ပြောပါတယ်။

“တချို့ကြတော့ မှုခင်းသတင်းထောက် မဟုတ်ဘူး။ ကျနော်တို့ ဒေသမှာဆိုရင် ရပ်ကျေးမှာ မျက်နှာအရှိန်အဝါ နည်းနည်းပါးပါး ရှိတဲ့သူပေါ့နော်။ ဒီလိုမျိုးလူတွေက ဌာနဆိုင်ရာ၊ ရဲတွေဘာတွေနဲ့ ရဲကင်းပတ်တယ်။ ဟိုသွားတယ်၊ ဒီသွားတယ်။ ရဲတွေကလည်း သူတို့ကိုခေါ်တယ်။ ရဲတွေနဲ့ ရင်းနှီးတယ်။ နောက်တော့ သူတို့က ရဲအယောင်ဆောင်ပြီး ပြန်လုပ်တာတွေ အများကြီးရှိတယ်”

အဲဒီမှုခင်းသတင်းထောက်တချို့က သတင်းမီဒီယာတွေ အရောက်နည်းတဲ့ ဒေသတွေ၊ တရားမဝင် အနှိပ်ခန်းတွေ၊ သစ်လုပ်ငန်းတွေလို နေရာတွေမှာ သတင်းမရေးစေချင်ရင် သတ်မှတ်ထားတဲ့ ငွေပမာဏပေးရမယ်လို့ ချိန်းခြောက် တာတွေရှိပါတယ်။

တချို့ကလည်း လယ်ယာမြေ အခက်ခဲတွေကို ပြေလည်အောင်လုပ်ပေးမယ်၊ အမှုအခင်းတွေကို အဆင်ပြေအောင် လုပ်ပေးမယ်ဆိုပြီး ငွေတောင်းတာတွေလည်း ရှိနေကြတာပါ။

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းဒေသမှာဆိုရင်လည်း ဒီလိုငွေတောင်းတာတွေက ဖြစ်နေကျလိုတောင် ရှိနေတာပါ။

ဖားကန့်မြို့က အလွတ်သတင်းထောက် ကိုဇော်မိုးထက်က သူ့နာမည်ကိုသုံးပြီး သူမသိတဲ့သူတွေက ငွေကြေး တောင်းခံနေတာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

“လုပ်မြဲလုပ်နေတာပဲ။ ကျနော်သိသလောက်ဆို သစ်စက်တွေ၊ မူးယစ်ဆေးဝါးခန်းတွေ၊ လောင်းကစားခန်းတွေ၊ ကုမ္ပဏီတွေလည်း ပါမှာပေါ့။ တောင်းတာ၊ ရမ်းတာ၊ ဟိုတလောကဆိုရင် ခရီးစရိတ်လို တောင်းတာတွေ အမြဲရှိနေတာ၊ လတ်တလော မဟုတ်ဘူး။ အဲဒီလိုမျိုး ခြိမ်းခြောက်ပြီးတော့ လစဉ်ကြေး ကောက်စားကြတာ ပေါ့။ မာဆတ်မှာတောင်မှ ကျနော်ကိုယ်တိုင် ကြုံခဲ့ရတာ။ ကျနော့နာမည်သုံးပြီး လစဉ်ကြေး ၂ သောင်းလာ ကောက်တာ၊ ကိုဇော်မိုးထက် အဖွဲ့ပါဆိုပြီး။ ကျနော့်မှာအဖွဲ့လည်း မရှိဘူး။ တစ်ယောက်တည်းရှိတာ။ ဒါက ကျနော်ကိုယ်တိုင် ကြုံလာရတာ”

ဧရာဝတီတိုင်း ဝါးခယ်မမြို့၊ မြဂိုးကြီးကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လက လက်ကိုင်လွှစက်သုံးပြီး ထင်းခုတ်သူတွေကို တစ်ရာသီအတွက် တစ်သိန်းခွဲပေးရမယ်ဆိုပြီး မှုခင်းသတင်းထောက် တစ်ယောက်က လာတောင်းခဲ့ပါတယ်။

မပေးနိုင်တဲ့အတွက် ဖမ်းဆီးမယ်လို့ အဲဒီသတင်းထောက်က ပြောခဲ့တယ်လို့ ခြိမ်းခြောက်ခံရသူ ကိုမျိုးထက်က ပြောပါတယ်။

“သူကနေပြီးတော့ တစ်နှစ်ကို တစ်ရာသီကို တစ်သိန်းခွဲ လာတောင်းတယ်။ ကျနော်တို့က မပေးနိုင်ဘူး။ မပေးနိုင်တော့ သူက ဖမ်းမယ်ဆီးမယ်ပြောတယ်။ ကျနော်က ဖမ်းမှာဆီးတာကို ထားဦး၊ တစ်သိန်းခွဲတော့ မပေးနိုင်ဘူး။ လမ်းစရိတ် ၄၊ ၅ သောင်းတော့ပေးမယ်။ သူက လက်မခံဘူး။ လက်မခံတော့ သူက သစ်တောဦးစီးက တောင်းခိုင်းတာပါတဲ့။ ပေးရမယ်ဆိုရင် သက်သေအထောက်ထားပြ။ သစ်တောဦးစီးက ဆိုရင်လည်း သစ်တောဦးစီးကအထောက်ထားပေါ့။ သူက မပြနိုင်ဘူး။ မပြနိုင်တော့ သူကစိတ်ဆိုးပြီး ကျနော့်ကို ဘာပြောလဲဆိုတော့ မင်းကမီဒီယာဥပဒေ ဘယ်လောက်နားလည်လဲ၊ မီဒီယာဥပဒေအကြောင်း ဘယ်လောက်သိသလဲ၊ ကြောင်လိုလို ကျားလိုလို မလုပ်နဲ့ဆိုပြီး ခြိမ်းခြောက်ပြီးပြောတယ်”

အဲဒီသတင်းထောက်ကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဆီကို တိုင်ကြားခဲ့ပေမဲ့ တစ်စုံတစ်ရာ အရေးယူလိုက်တယ်ဆိုတဲ့ သတင်းအချက်လက် မရရှိသေးဘူးလို့လည်း ကိုမျိုးထက်က ပြောပါတယ်။

သတင်းထောက်နာမည်ခံပြီး သတင်းထောက်အလုပ်နဲ့ အသက်မွေးသူတွေမှာ ကျင့်ဝတ်တွေကို လိုက်နာကြရ ပါတယ်။ သတင်းရင်းမြစ်ကို ခြိမ်းခြောက်တာ၊ ငွေတောင်းပြီး သတင်းရေးတာ၊ ငွေပေးပြီး သတင်းရယူတာတွေ မလုပ်ရဘူးလို့  သတင်းသမားတွေလိုက်နာရမယ့် ကျင့်ဝတ်တွေထဲမှာ ပါပါတယ်။မှုခင်းသတင်းထောက်တချို့က အခုလို ကျင့်ဝတ်မလိုက်နာဘဲ ငွေလိမ်လည်တဲ့ ပြဿနာတွေကို ဖြေရှင်းနေရတာရှိတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဦးဇေယျာလှိုင်က ပြောပါတယ်။

“သတင်းရေးတဲ့နေရာမှာ ကျင့်ဝတ်မစောင့်စည်းတာတွေရှိတယ်။ အမှုပွဲစားလုပ်ပြီး ငွေလိမ်လို့ တိုင်ထားတာတွေရှိတယ်။ ရှု့ထောင့်ပေါ့လေ။ အဲဒီဘက်က အမှုတစ်ခုမှာ ကြားဝင်ဆောင်ရွက်ပေးမယ် ဆိုပြီးတော့မှ ငွေလိမ်တဲ့အမှုတွေ တိုင်တာတော့ရှိတယ်။ အဲဒါကို ကိုင်တွယ်ရင်းနဲ့ လုပ်ဆောင်စရာတွေ ဆက်လုပ်ဖို့ရှိတယ်။ အဲလိုမျိုး  မှုခင်းသတင်းထောက်ပါလို့ ပြောပြီးတော့ လူထုကို ဒုက္ခပေးတောက တစ်ဖွဲ့တည်းတော့ မဟုတ်ဘူး။ တခြားအဖွဲ့တွေ ရှိသေးတယ်။ အဲဒီအဖွဲှတွေကိုပါ ကိုင်နိုင်အောင်လို့ ကျနော်တို့ ကြိုးစားနေပါတယ်”

အဲဒီလိုပြဿနာတွေကို ၂၀၀၈ ခုနှစ်လောက်ကတည်းက ဖြေရှင်းနေရတာလို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း တည်ထောင်သူ တစ်ယောက်လည်းဖြစ်၊ ရှု့ထောင့်မှုခင်းနှင့် သတင်းဂျာနယ်၊ ရှု့ထောင့်အထူးဟစ်တိုင် အွန်လိုင်းသတင်းအေဂျင်စီ အယ်ဒီတာချုပ် တစ်ယောက်ဖြစ်သူ ဦးသက်နိုင်ဦးက မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းအဖွဲ့ ပယ်ဖျက်တဲ့အကြောင်း ၂၀၂၀ ခုနှစ်မှာ စာထွက်ပေမယ့် ဆိုင်းဘုတ်တွေကို ၂၀၁၈ ကတည်းက ဖြုတ်သိမ်းထားတဲ့အကြောင်း၊ အဲဒီအသင်းကို ၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၂၀၁၈ မှာ အသင်းစည်းကမ်းတွေ ဖောက်ဖျက်သူများလာတဲ့အပြင် အခြားအမှုခင်းတွေ ပေါ်လာတာကြောင့် ၂၀၁၈ ကတည်းက ဆိုင်းဘုတ်တွေဖြုတ်လိုက်တာလို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ Facebook မှာ ရေးသားထားပါတယ်။

အသင်းဖျက်သိမ်းပေမယ့် မှုခင်းသတင်းထောက်ဆိုပြီး တချို့သူတွေက ဆက်လုပ်နေတာတွေကြောင့် ဝေဖန်ခံနေရတာနဲ့ပတ်သက်ပြီး RFA က မေးမြန်းဖို့ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

အခုလို ကျင့်ဝတ်မလိုက်နာတဲ့ သတင်းထောက်တွေကြောင့် ပြည်သူလူထုရဲ့ ယုံကြည်မှု လျော့နည်းလာတဲ့အခါ  တကယ်ကျင့်ဝတ်လိုက်နာပြီး သတင်းမှန်တွေကို တင်ပြပေးနေတဲ့ သတင်းထောက်တွေကိုပါ ထိခိုက်လာနိုင် တာကြောင့် ဒီလိုကိစ္စတွေကို ထိထိရောက်ရောက် ကိုင်တွယ်စေချင်ကြတာပါ။

ဒီလိုမျိုး လုပ်ပိုင်ခွင့်ကို အသုံးချပြီးအောက်ခြေမှာ ခြိမ်းခြောက်တာ၊ ကိုယ်ကျိုးစီးပွားရှာနေတာတွေ ရှိလာရင် တိုင်ကြားကြဖို့၊ ဘယ်မှာ ဘယ်လိုလုပ်နေတယ်ဆိုတဲ့ သတင်းအချက်လက်တွေကိုလည်း အရေးယူရမယ့် အဖွဲ့အစည်းတွေက သိဖို့လိုအပ်ပြီး ဝိုင်းဝန်ကူညီပေးကြဖို့၊ သတင်းမီဒီယာတွေကလည်း ဖော်ထုတ်ဖို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

ဇာဏီထွဏ်း / RFA Burmese
https://www.rfa.org/burmese/news/myanmar-crime-reporters-association-07202020045216.html
မှုခင်းသတင်းထောက်တွေ ခြိမ်းခြောက် ငွေတောင်းရင် တိုင်ကြားဖို့ သမ္မတရုံး ပြော မှုခင်းသတင်းထောက်တွေ ခြိမ်းခြောက် ငွေတောင်းရင် တိုင်ကြားဖို့ သမ္မတရုံး ပြော Reviewed by THITHTOOLWIN on 18:07 Rating: 5
Powered by Blogger.