အလယ်တန်းနဲ့ မူလတန်းကျောင်းဖွင့်ရက် နောက်တစ်လဆုတ်

ဇူလိုင်လ(၂၁)ရက်နေ့မှာ စဖွင့်မယ်
အခြေခံပညာအဆင့် အလယ်တန်းနဲ့ မူလတန်းတွေကို သြဂုတ်လ ၄ရက် နဲ့ ၁၁ ရက်မှာ ဖွင့်ဖို့စီစဥ်ထားပေမဲ့ အဲဒီရက်တွေမှာ ဖွင့်တော့မှာ မဟုတ်ဘဲ နောက်ထပ် တစ်လခန့်နောက်ဆုတ်ပြီး ဖွင့်လှစ်သွားဖို့ရှိတယ်လို့ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ကဘီဘီစီကိုပြောပါတယ်။

အခုလို နောက်ဆုတ်ရတာဟာ ကိုဗစ်ရောဂါ အခြေအနေအရ ဗဟိုကော်မတီက အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီးတော့ အရင်က နှစ်ပတ်နေပြီး ဖွင့်မယ်လို့ မျှော်မှန်းထားပေမယ့် အခုတော့ ကော်မတီရဲ့ ညွှန်ကြားချက် အတိုင်းလုပ်ရတာဖြစ်ပြီး ဖွင့်မယ့်ရက်ကို ပြန်လည် ထုတ်ပြန်ပေးသွားမယ်လို့လည်း သူကပြောပါတယ်။

တစ်နိုင်ငံလုံး ဖွင့်ဖိုပြင်နေတဲ့ အထက်တန်းကျောင်း စုစုပေါင်း ခုနှစ်ထောင်ကျော်ရှိတဲ့အနက် မနက်ဖြန် ဇူလိုင် ၂၁ ရက်နေ့မှာ ကျောင်းအား လုံးဖွင့်နိုင်မယ့် အခြေနေမရှိသေးဘဲ၊ ကိုဗစ် သတ်မှတ်ချက် အချက် ၈၀လုံးကို ပြင်ဆင်ထားနိုင်တဲ့ အေ အဆင့်ကျောင်းတွေပဲဖွင့်လှစ်ဦးမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

အေအဆင့် သတ်မှတ်ချက်ကို မမီတဲ့ကျောင်းတွေအနေနဲ့ ဇူလိုင်၂၁ ရက်နောက်ပိုင်း တစ်ပတ်အတွင်း လိုအပ်တာတွေကို ဖြည့်စွက်ပြီး ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်သွားရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါအပြင် အေအဆင့် သတ်မှတ်ခံရပြီးလို့ ဇူလိုင် ၂၁ ရက်နေ့မှာ ဖွင့်ခွင့်ရတဲ့ ကျောင်းတွေကိုလည်း စည်းကမ်းနဲ့အညီ တကယ်လိုက်နာမှုရှိမရှိကို ထပ်မံစစ်ဆေးသွားဦးမှာ ဖြစ်တယ်လို့လည်း အခြေခံပညာဦးစီးဌာနက ပြောပါတယ်။
အလယ်တန်း နဲ့ မူလတန်းကျောင်းဖွင့်ရက် နောက်ဆုတ်
လက်ရှိမှာ ဇူလိုင် ၂၁ ရက်နေ့မှာ ဖွင့်လှစ်ဖို့ပြင်ဆင်ထားတဲ့ အစိုးရ၊ ပုဂ္ဂလိကနဲ့ ဘုန်းတော်ကြီးသင်ကျောင်း တွေအပါအဝင် အထက်တန်းကျောင်း စုစုပေါင်း ခုနှစ်ထောင်ကျော်မှာလည်း ကိုဗစ်ကာကွယ်ရေး သတ်မှတ်ချက် တွေနဲ့ညီမညီကို ဇူလိုင် ၁၇ ရက်ကနေ့ ၂၀ ရက်နေ့အထိ စစ်ဆေးခံနေရတာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ပညာရေး ဝန်ကြီးဌာန နှစ်ခု ပူးပေါင်းစစ်ဆေးတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အထက်တန်း မွန်ပြည်နယ် ရေးမြိုနယ် အာယုတောင်က အထက်တန်းကျောင်းအုပ် ဒေါ်ခင်မာကြည်က စစ်ဆေးခံယူခဲ့ ရာမှာ အေအဆင့်ပေးသွားကြောင်းနဲ့ ဆီးသွားခန်း သီးသန့်လုပ်ခိုင်းလို့ ရပ်မိရပ်ဖတွေနဲ့ပေါင်းပြီး ထပ်မံဆောက်လုပ်ခဲ့ရ ကြောင်းလည်းသူက ပြောပါတယ်။

ကျောင်းတွေပြန်ဖွင့်ချိန်မှာတော့ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေအတိုင်း လိုက်နာဖို့ ဆရာမတွေကို လမ်းညွှန်ထားတယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ဘီဘီစီကို ပြောခဲ့ပါတယ်။

အရင်က ကိုးတန်း၊ ဆယ်တန်းလို့ခေါ်တဲ့ Grade 10 နဲ့ Grade 11 အတန်း နှစ်တန်းကိုပဲ ဇူလိုင် ၂၁ ရက်နေ့မှာ စတင်ဖွင့်လှစ်မှာလည်းဖြစ်ပြီး တစ်ရက်ကို ၄ နာရီကျော်ပဲစာသင်ဖို့နဲ့ ကျောင်းတွေကို အသုတ်လိုက် ခွဲတက်ဖို့ ပြည်နယ်အလိုက် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီးဌာက သိရပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-53473249
အလယ်တန်းနဲ့ မူလတန်းကျောင်းဖွင့်ရက် နောက်တစ်လဆုတ် အလယ်တန်းနဲ့ မူလတန်းကျောင်းဖွင့်ရက် နောက်တစ်လဆုတ် Reviewed by THITHTOOLWIN on 18:14 Rating: 5
Powered by Blogger.