မန္တလေးရေဘေး ဒေသခံတသောင်းကျော် ဘေးလွတ်ရာရွှေ့ပြောင်းထား

မန္တလေးတိုင်း အမရပူရမြို့ ရွှေဂဲ ရေထိန်းတံခါး ကျိုးပေါက်ပြီး ဧရာဝတီမြစ်ရေ စီးဆင်းဝင်တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - information Team MFSD(MDY) - ဇူလိုင် ၂၀၊ ၂၀၂၀)
မန္တလေးတိုင်းအတွင်း ရေလွှမ်းမိုးမှု ကြုံနေရတာကို ထိန်းသိမ်းနိုင်ပြီ ဖြစ်ပေမဲ့ ဒေသခံ ၁၀,၀၀၀ ကျော်ကိုတော့ ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပေးပါမယ်။

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်မှုကြောင့် ဧရာဝတီမြစ်ရေ လျှံတက်လာတာကို ထိန်းသိမ်းနိုင်ခဲ့ပေမဲ့ အနီးအနားက ဒေသခံ ၁၂,၀၀၀ လောက်ကိုတော့ အရေးပေါ် ကယ်ဆယ်ရေးစခန်းတွေဆီ ပြောင်းရွှေ့ပေးထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တာရိုးကျိုးပေါက်သွားတဲ့ နေရာကိုတော့ ယာယီပြင်ဆင်ထားပြီး ပိုခိုင်မာအောင် စီစဉ်နေတယ်လို့လည်း မန္တလေးတိုင်း ဒုတိယမြို့တော်ဝန် ဦးရဲမွန်က VOA ကိုပြောပါတယ်။

“ယာယီတော့ ယာယီပါပဲ။ ယာယီကိုမှ ပိုမိုပြီးတော့ လုံခြုံစိတ်ချအောင် ခိုင်ခံ့အောင် ကျနော်တို့ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနဘက်ကလည်း Sheet Pile တွေရိုက်ဖို့ လုပ်နေပါတယ်။ မြို့တော်စည်ပင်နဲ့ ရေအရင်းမြစ်ကတော့ ဒီအပေါ်မှာ ကျောက်တွေနဲ့ထပ်ဖြည့်တာတွေ၊ ကျောက်တွေပေါ်မှာ သဲအိတ်တွေနဲ့ ပြန်မွမ်းမံတယ်။ အဲဒီသဲအိတ်တွေပေါ်ကနေ Geo Textile ခင်းလိုက်တယ်။ ခင်းပြီးတဲ့အပေါ်မှာ သဲအိတ်တွေနဲ့ ပြန်ပြီးတော့ပိတ်တယ်။ အဲတော့ ရေဝင်ရောက်မှုနည်းသွားအောင် လုပ်လိုက်တယ်။ တဘက်ကလည်း ရေဝင်ထားတဲ့ နံကပ်အင်းထဲက ရေတွေကို စည်ပင်သာယာရဲ့ ရေစုပ်စက် ကြီးတွေနဲ့ ဆွဲထုတ်နေပါတယ်။”

တာရိုးကျိုးပေါက်ရာက အနီးအနားက ရွာတွေဆီ ဧရာဝတီမြစ်ရေ ဝင်ရောက်လာလို့ ရပ်ကွက် ၃ခုနဲ့ ရွာ တစ်ရွာက ဒေသခံ ၁၂,၀၀၀ လောက်ကို ကယ်ဆယ်ရေးစခန်း ၁၉ ခုမှာ အရေးပေါ် ပြောင်းရွှေ့ပေးထားတာပါ။ လတ်တလောမှာတော့ ဘုရားဝင်းနဲ့ ဘုန်းကြီးကျောင်းဝင်းတွေထဲ ယာယီခိုလှုံနေတဲ့ ရေဘေးသင့်သူတွေအတွက် ထမင်း၊ ဟင်း အလှူရှင်ရှိနေပေမယ့်လည်း သောက်သုံးရေအခက်အခဲရှိနေတယ်လို့ ရွာဘုံလူမှုကူညီရေးအသင်းက ကိုကျော်ဇင်ထွန်းက ပြောပါတယ်။

“အခုလောလောဆယ်တော့ မြစ်ရေဝင်ရောက်မှုက နည်းနည်းတန့်သွားပြီပေါ့။ ဒါပေမယ့် ဒီရေတွေပြန်ထွက်ဖို့က အချိန်အတိုင်းအတာ တခုတော့ စောင့်ရဦးမယ်။ အခုလောလောဆယ်တော့ အလှူရှင်တွေလည်း လှူနေကြပါတယ်။ အဓိကတော့ ရေအခက်အခဲပေါ့နော်။ သူတို့ရေသန့်တော့ နည်းနည်းတော့လိုတယ်ဗျ။”

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကတော့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဖို့ အရေးပေါ် ရန်ပုံငွေထဲက လိုအပ်သလို သုံးစွဲသွားမှာဖြစ်ကြောင်း မနေ့ကပဲ ပြောဆိုထားပါတယ်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့ကတော့ ဒီနေ့မနက်မှာပဲ ရေဘေးသင့်ဒေသကို သွားရောက်ပြီး မြစ်ရေဝင်ရောက်မှု တားဆီးထားတဲ့ အခြေအနေနဲ့ ပြင်ဆင်မှုတွေကို ကြည့်ရှုခဲ့ကြကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

စုစု  / ဗွီအိုအေ ( မြန်မာပိုင်း)
https://burmese.voanews.com/a/mandalay-flood-shwe-gae/5511274.html
မန္တလေးရေဘေး ဒေသခံတသောင်းကျော် ဘေးလွတ်ရာရွှေ့ပြောင်းထား မန္တလေးရေဘေး ဒေသခံတသောင်းကျော် ဘေးလွတ်ရာရွှေ့ပြောင်းထား Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.