ရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ ခိုးယူခဲ့သည့် သေနတ် ပြန်လည် သိမ်းဆည်းရမိပြီး ပါဝင်သူအချို့အား ဖမ်းဆီးရမိ

ဓါတ်ပုံ - KKL & KMT
မိတ္ထီလာ   ဇူလှိုင်    ၁၆

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် Covid-19 ကာလ လိုအပ်သောလုပ်ငန်းများ ဆောင်ရွက်ရန် အသင့်ဖွဲ့စည်းထားသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ ခိုးယူခဲ့သော သေနတ်တစ်လက်နှင့် ကျည်နှစ်တောင့်အား ပြန်လည်သိမ်းဆည်းရမိပြီး ပါဝင်သူအချို့အား  ဇူလှိုင် ၁၄ရက် ည ၁၀နာရီခွဲ ခန့်က ဖမ်းဆီးနိုင်ခဲ့ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

အဆိုပါဖြစ်စဥ်မှာ ၂၀၂၀ ဇွန် ၉ ရက် ည ၂ နာရီခွဲ ခန့်က ရဲစခန်းဓမ္မာရုံအတွင်း အိပ်ပျော်နေသော ရဲတပ်ဖွဲ့များထံမှ သေနတ်တစ်လက် နှင့် ဖုန်းခြောက်လုံး ခိုးယူမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုအမှုနှင့်ပတ်သတ်၍ မိတ္ထီလာခရိုင် (မှု / နှိမ် )အဖွဲ့မှ ရဲတပ်ကြပ်ကြီး အောင်သန်းဆွေ၏ စုံစမ်းချက်အရ မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် နယ်မြေ ၁၆ နေ ဘုန်းမြင့်နိုင်(ခ) ကိုဘုန်း (၂၂)နှစ်၏ နေအိမ်တွင် သေနတ်တစ်လက်နှင့် ကျည် (၂ )တောင့် ရှိနေကြောင်း သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ ကိုဘုန်းအား မတွေ့ရှိရဘဲ မိခင်ဖြစ်သူ ဒေါ်ခင်ဆန်းဝင်းအား တွေ့ရှိရသဖြင့် မေးမြန်းရာ သားဖြစ်သူမှ ပေးအပ်ထားသောသေနတ်အား အိမ်အောက်ထပ်ရှိ ကြောင်အိမ်အောက် ဇလုံထဲတွင် ပုဆိုးဖြင့်ပတ်ထားခဲ့ရာမှ ရဲများ လာမည်စိုးရိမ်၍ ၄င်းနှင့်တစ်အိမ်ကျော်ရှိ သမီးဖြစ်သူနေအိမ်တွင် ဝှက်ထားကြောင်းပြောပြပြီး ယူဆောင်ပေးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဘုန်းမြင့်နိုင်(ခ)ကိုဘုန်းအား ဆက်လက်စုံစမ်းရာ မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက် (၅)လမ်းတွင် ၄င်း၏သူငယ်ချင်း ငသိန်း အတူ ဖမ်းဆီးရမိကြောင်း  ဘုန်းမြင့်နိုင်(ခ)ကိုဘုန်း ၊ ငသိန်း နှင့် ဒေါ်ခင်စန်းဝင်းတို့အား အမှုဖြင့်ဆက်လက် စစ်ဆေးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

ဘိုဘို(မလှိုင်) / Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ ခိုးယူခဲ့သည့် သေနတ် ပြန်လည် သိမ်းဆည်းရမိပြီး ပါဝင်သူအချို့အား ဖမ်းဆီးရမိ ရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှ ခိုးယူခဲ့သည့် သေနတ် ပြန်လည် သိမ်းဆည်းရမိပြီး ပါဝင်သူအချို့အား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.