တရုတ်နဲ့ အမေရိကန်ကို ဘက်မလိုက်မူဝါဒနဲ့ ဆက်ဆံမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်ပြောကြား


ရန်ကုန်မြို့ တရုတ်သံရုံးနဲ့ အမေရိကန်သံရုံးတို့ လတ်တလော အပြန်အလှန် ဝေဖန် ရေးသားနေကြတာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ ဘက်လိုက်မှာ မဟုတ်ဘူးလို့ မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဇူလိုင် ၁၉ ရက်နေ့ ဒီကနေ့မှာ ပြောလိုက်ပါတယ်။

အင်အားကြီးနိုင်ငံနှစ်ခုရဲ့ ထုတ်ပြန်ချက်တွေထဲမှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးအကြောင်း ပါဝင်နေပြီး ဒါဟာ သူတို့ အယူအဆကို ထုတ်ဖော်နေခြင်းသာဖြစ်တယ်လို့  အာဏာရပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မှတ်ချက်ပေးပါတယ်။

“တရုတ်ကလည်း တရုတ် အယူအဆပြောမယ်။ အမေရိကန်ကလည်း အမေရိကန် အယူအဆ ပြောမယ်။ တရုတ်က အိမ်နီးချင်းဖြစ်တယ်။ အမေရိကန်ကလည်း ဆက်ဆံရေးကကြာပြီ၊ ကျနော်တို့ရဲ့ နိုင်ငံခြားရေး မူဝါဒအတိုင်း ကျင့်သုံးမယ်။ ကျနော်တို့လည်း ဂုဏ်သိက္ခာရှိတယ်။ လွတ်လပ်တဲ့ နိုင်ငံဖြစ်တယ်။ အချုပ်အခြာ အာဏာပိုင်ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဂုဏ်ထူးဝိသေသ ရှိပြီးသား၊ အစိုးရကတော့ ပြည်သူတွေကို မထိခိုက်အောင် ကာကွယ်မှာပေါ့”

ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေးအတွက် ကမ္ဘာတစ်လွှား ရုန်းကန်နေရချိန်မှာ တရုတ်နိုင်ငံက ဒီမိုကရေစီ စနစ်ကို နှိမ်နှင်းနေပြီး တခြားနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို လေးစားမှု မရှိကြောင်း ပြသနေတယ်လို့  ရန်ကုန်မြို့ အမေရိကန်သံရုံး ယာယီတာဝန်ခံ ဂျော့ချ် အန်ဆစ်ဘလီဟာ  သံရုံး Facebook စာမျက်နှာမှာ ဇူလိုင် ၁၈ ရက်နေ့ မနေ့က ရေးသားခဲ့ပါတယ်။

တောင် တရုတ်ပင်လယ်ပြင်မှာ ဥပဒေ မလိုက်နာတဲ့ တရုတ်နိုင်ငံဟာ ကချင်ပြည်နယ်က စည်းမျဉ်းစည်းကမ်း ကြပ်မတ်မှုမရှိတဲ့ ငှက်ပျောစိုက်ခင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ပစ္စည်းတွေ ဖမ်းဆီးရမိမှုနဲ့ တရုတ်နိုင်ငံ အဆက်အစပ်၊ အမျိုးသမီးတွေ လူကုန်ကူးခံရခြင်း၊ လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်း စတဲ့ ကိစ္စရပ်တွေနဲ့ မြန်မာနိုင်ငံကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတယ်လို့လည်း ရေးသားချက်မှာ ပါရှိပါတယ်။

ဒီရေးသားချက်တွေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့  တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူက ပယ်ချကြောင်း တရုတ်သံရုံး Facebook စာမျက်နှာမှာ ချက်ချင်းဆိုသလို တုံ့ပြန် ရေးသားလိုက်ပါတယ်။

ဂျော့ချ် အန်ဆစ်ဘလီရဲ့ ပြောဆိုချက်တွေက မှားယွင်းနေကြောင်း၊ အမေရိကန် အာဏာပိုင်တွေက ပြည်တွင်းပဋိပက္ခကို အာရုံလွဲရေး၊ နိုင်ငံရေးအမြတ်ထုတ်ရေးအတွက် တစ်ကမ္ဘာလုံးမှာ တင်ဆက်နေတဲ့ လုပ်ဇာတ်သာဖြစ်ကြောင်း၊ ရခိုင်ဒေအရေး ကြိုးပမ်းဆောင်ရွက်ဆောင်ရွက်မှုတွေကို လျစ်လျူရှုပြီး မြန်မာနိုင်ငံကို ဖိအားပေးခဲ့ကြောင်း၊ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကို အမေရိကန်က နာမည်ဖျက် တိုက်ခိုက်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်နေတာကို မလိုလာကြောင်း စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ရန်ကုန်က သံရုံးနှစ်ရုံးရဲ့ မြန်မာဘာသာနဲ့ ထုတ်ပြန်ချက်တွေကို အများအပြားက စိတ်ဝင်စားနေကြပြီး အဲဒီရေးသားချက်တွေကို ပြန်လည်ဝေမျှ၊  မှတ်ချက်ပေးနေကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
တရုတ်နဲ့ အမေရိကန်ကို ဘက်မလိုက်မူဝါဒနဲ့ ဆက်ဆံမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်ပြောကြား တရုတ်နဲ့ အမေရိကန်ကို ဘက်မလိုက်မူဝါဒနဲ့ ဆက်ဆံမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ်ပြောကြား Reviewed by THITHTOOLWIN on 22:10 Rating: 5
Powered by Blogger.