တရားမဝင် တရုတ်နိုင်ငံသား ၁၀ ဦး ဖမ်းမိ

(ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ကို မြင်တွေ့ရစဉ်) ဓာတ်ပုံ - ကံသာ/ RFA
 မြန်မာနိုင်ငံထဲကို တရားမဝင်ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ကိုးဦးနဲ့ အမျိုးသမီး တစ်ဦး တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇူလိုင် ၁၉ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင် ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ဝင်ရောက်လာတဲ့တရုတ်နိုင်ငံသားတွေဖြစ်ပြီး အခု ဒီနှစ်အတွင်း တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးရမိမှု အရေအတွက်အတိအကျကို စာရင်းပြုစုထားတာ မရှိဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှုး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့၊ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့တို့မှာ ဖမ်းဆီးရမိတာဖြစ်ပြီး ဥပဒေအရ အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

ဇူလိုင်လ ၁၄ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့က အမှတ် ၃ ရပ်ကွက် ကာစီနိုရုံမှာ တရုတ်နိုင်ငံသား အမျိုးသား လေးဦးကို လောင်းကစားပစ္စည်းတွေနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၁၇၇ ဦးကို ဒေသအသီးသီးမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း ၆ လအတွင်းမှာတင် ၂၄၁ ဦးအထိ ဖမ်းဆီးရမိခဲ့တယ်လို့ ရှမ်းပြည်နယ် မြောက်ပိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန စာရင်းအရ သိရပါတယ်။

၂၀၂၀ ခုနှစ်အတွင်း ဖမ်းဆီးရမိတဲ့ စာရင်းအတိအကျကိုတော့ RFA အနေနဲ့ သီးခြားသိရှိထားခြင်းတော့ မရှိပါဘူး။ ထိုင်းနိုင်ငံ နယ်နိမိတ်နဲ့ ထိစပ်နေတဲ့ မြဝတီမြို့မှာလည်း တရုတ်နိုင်ငံသားတွေက ကာစီနိုလောင်းကစားရုံတွေမှာ ပါဝင်ပတ်သက်နေလို့ ဝင်ရောက်နေထိုင်မှုများလာပြီး စားသောက်ဆိုင်တွေ ဖွင့်လှစ်ထားတာ၊ မူးယစ်ရမ်းကားတာတွေရှိလာတာကြောင့် မြဝတီမြို့ခံတွေ၊ နိုင်ငံရေးပါတီတွေက ဥပဒေမဲ့နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေကို စာရင်းပြုစုပြီး အစိုးရအကြီးအကဲတွေထံ တင်ပြတိုင်တန်းဖို့အတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာလ မှာ စီစဉ်ခဲ့ကြပါတယ်။

RFA Burmese
တရားမဝင် တရုတ်နိုင်ငံသား ၁၀ ဦး ဖမ်းမိ တရားမဝင် တရုတ်နိုင်ငံသား ၁၀ ဦး ဖမ်းမိ Reviewed by THITHTOOLWIN on 22:08 Rating: 5
Powered by Blogger.