ရုရှားဟာ အာကာသတွင်း လက်နက် စမ်းသပ်မှု လုပ်ကြောင်း အမေရိကန်၊ ဗြိတိန်စွပ်စွဲ


ရုရှားဟာ အာကာသထဲမှာ လက်နက်လို ပစ်ခတ်လို့ရတဲ့ အရာတစ်ခုခုကို စမ်းသပ်ခဲ့တယ်လို့ အမေရိကန်နဲ့ ဗြိတိန်တို့က စွပ်စွဲလိုက်ပါတယ်။

အခုစမ်းသပ်တဲ့အရာဟာ ကမ္ဘာပတ်လမ်းကြောင်းထဲရှိ ဂြိုဟ်တုကိုပစ်တဲ့ လက်နက်မျိုး ဖြစ်ပုံရတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

သူတို့ရဲ့ အာကာသပစ္စည်းတွေကို စောင့်ရှောက်ဖို့ အတွက် နည်းပညာ အသစ်တစ်ခု အသုံးပြုနေတယ်လို့ စောစောပိုင်းက ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုပါတယ်။

အမေရိကန်က ရုရှားရဲ့အာကာသ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းကြောင်း အရင်ကလည်း ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ဗြိတိန်ရဲ့ စွပ်စွဲချက်ကတော့ ဒါဟာ ပထမဆုံးဖြစ်ပါတယ်။

ဗြိတိန်အစိုးရဟာ ရုရှားရဲ့ အန္တရာယ်ကို ဆိုးဆိုးဝါးဝါး လျှော့တွက်နေတယ်လို့ စုံစမ်းစစ်ဆေးမှုတစ်ခုမှာ ဖော်ပြပြီး ရက်မကြာမီအတွင်းမှာ ဗြိတိန်ဘက်က အခုလို စွပ်စွဲချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေညာချက် တစ်စောင်ထဲမှာ နိုင်ငံတကာလုံခြုံရေးနဲ့ လက်နက်မပြန့်ပွားရေးဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာဖို့က ရုရှားဟာ အာကာသထဲမှာ လက်နက်ထိန်းချုပ်ရေး ဆောင်ရွက်ချင်တယ်လို့ပြောနေပေမဲ့ အပြောတစ်မျိုး အလုပ်တစ်မျိုးလုပ်နေတယ်လို့စွပ်စွဲပြောဆိုကြောင်း ရေးသားထားပါတယ်။

ရုရှားအစိုးရဟာ အမေရိကန်ရဲ့ စွမ်းဆောင်ရည်ကို ကန့်သတ်ထိန်းချုပ်ဖို့ ရည်ရွယ်ပေမယ့် သူတို့ကိုယ်တိုင်ရဲ့ အာကာသတွင်း ဆောင်ရွက်ချက်တွေကိုတော့ ရပ်တန့်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ သူကဆိုပါတယ်။

ဗြိတိန် အာကာသ ညွှန်ကြားရေးမှူးလေတပ် ဒုတိယအကြီးအကဲ ဟာဗေးစမစ်ကလည်း ရုရှားရဲ့ ဂြိုဟ်တု စမ်းသပ်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ ဆိုပါတယ်။ အခုစမ်းသပ်မှုမှာ လက်နက်လိုမျိုး အသွင်သဏ္ဍန်တွေ့ရတယ်လို့လည်း ဆိုပါတယ်။

အခုလို စမ်းသပ်ချက်မျိုးဟာ အာကာသထဲမှာ ငြိမ်းချမ်းတဲ့ကိစ္စတွေသာ ဆောင်ရွက်ရေးမူကို အန္တရာယ်ဖြစ်စေနိုင်ပြီး အပျက်စီး အစိတ်အပိုင်းတွေဟာ ဂြိုဟ်တုတွေနဲ့ အာကာသစနစ်ကို ခြိမ်းခြောက်ရန်ပြုနိုင်တဲ့အလားအလာရှိတယ်လို့ ဆိုပါတယ်။ ရုရှားအနေနဲ့ တာဝန်သိဖို့ နောက်နောင် ဒီလိုစမ်းသပ်မှုမျိုးကို ရှောင်ရှားဖို့လည်း သူကဆိုပါတယ်။

ရုရှားက ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ကတည်းက လွှတ်တင်ထားတဲ့ ကော့စမော့စ် ၂၅၄၃ ဂြိုဟ်တုထဲကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့မှာကော့စမော့စ် ၂၅၄၂ ဆိုတဲ့ ယာဥ်အသေးတစ်လုံး ထပ်ထွက်လာတာဖြစ်ပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ဒါဟာ တခြားဂြိုဟ်တုတွေကို လက်နက်လို ပစ်ခတ်လို့ ရတဲ့အရာလို့ ဆိုနေတာပါ။ ရုရှားကတော့ ဒါဟာလက်နက်တစ်မျိုး မဟုတ်ဘဲ တခြားဂြိုဟ်တုတွေရဲ့ ကြံ့ခိုင်မှုကိုစစ်ဆေးတဲ့ ဂြိုဟ်တုပုံစံယာဥ်ငယ်တစ်မျိုးသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှား၊ ဗြိတိန်၊ အမေရိကန်၊ တရုတ်နိုင်ငံတို့ဟာလည်း အာကာသကို ငြိမ်းချမ်းတဲ့ လုပ်ငန်းစဥ်တွေ သက်သက်သာ အသုံးပြုရေး စာချုပ်လက်မှတ် ရေးထိုးထားတဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်မှာပါဝင်ကြပါတယ်။

အဲဒီစာချုပ်က ကမ္ဘာပတ်လမ်းကြောင်းနဲ့ အာကာသထဲမှာ လက်နက်မထားရှိရေး သဘောတူချက်ပါဝင်ပါတယ်။ ၂၀၁၈ ခုနှစ်အစောပိုင်းတုန်းက အမေရိကန်က သူတို့ရဲ့ စိုးရိမ်မှုကိုတစ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ အဲဒီတုန်းက ရုရှားရဲ့ဂြိုဟ်တုစနစ်ဟာ အခုပုံစံနဲ့ အတူတူပဲလို့ အမေရိကန်က ဆိုပါတယ်။ အဲဒီတုန်းက အမေရိကန်ဂြိုဟ်တုနားကို နီးနီးကပ်ကပ် ချဥ်းကပ်လာခဲ့ဖူးတယ်လို့ ဆိုပါတယ်။

အခုနောက်ဆုံးစမ်းသပ်မှုဟာ ဂြိုဟ်တုဖျက်လက်နက် စမ်းသပ်တာပဲလို့ အမေရိကန်အာကာသဌာနချုပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျေးရေမွန်က ဆိုပါတယ်။

ရုရှားဟာ အာကာသတွင်း လက်နက်စမ်းသပ်မှု လုပ်နေကြောင်း နောက်ထပ် အထောက်အထားတစ်ခုဖြစ်ပြီး အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ အာကာသပိုင်ဆိုင်ပစ္စည်းတွေကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

အခုအခါမှာ အမေရိကန်ဟာလည်း အာကသကို မြေပြင်၊ ရေပြင်လို စစ်ရေးနယ်ပယ်တစ်ခုအဖြစ် သဘောထားလာပါတယ်။ ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ အမေရိကန်ရဲ့ အာကာသကာကွယ်ရေးသေနင်္ဂဗျူဟာ အကျဥ်းချုပ်ထဲမှာ အာကာသဟာလည်း မတူညီတဲ့ တိုက်ခိုက်ရေးနယ်မြေဖြစ်လာပြီလို့ ဆိုထားပါတယ်။

အာကသမှာ တရုတ်နဲ့ ရုရှားဟာ ကြီးမားတဲ့ သေနင်္ဂဗျူဟာ ခြိမ်းခြောက်မှုတွေ ဖြစ်လာပြီလို့ ဆိုထားပါတယ်။ တရုတ်နဲ့ ရုရှားမှာ အာကာသလက်နက်တွေရှိနေတယ်။ ဒါဟာ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စစ်ရေး ထိရောက်မှုကို လျော့ကျစေပြီး အာကာသတွင်း လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်စွမ်းအပေါ်မှာလည်း စိန်ခေါ်နေတယ်လို့ အဲဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

၂၀၀၇ ခုနှစ်တုန်းက တရုတ်ဟာ တိုက်ချင်းပစ် မစ်ဇိုင်းတစ်လုံးကို အာကာသထဲ မိုင်ပေါင်း ၅၀၀ ကျော်အထိပစ်ပြီး သူတို့ရဲ့ သက်တမ်းလွန်နေတဲ့ မိုးလေဝသ ဂြိုဟ်တုတစ်လုံးကို ဖျက်ဆီးခဲ့ပါတယ်။ ဒါဟာ အမေရိကန်ရဲ့ ဂြိုဟ်တုတစ်လုံးကိုလည်း သူတို့ ပစ်ချင်ရင် ပစ်ချနိုင်တယ်လို့ သတင်းစကားပေးပို့သလို အဓိပ္ပာယ်ကောက်ယူနိုင်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-53530478
ရုရှားဟာ အာကာသတွင်း လက်နက် စမ်းသပ်မှု လုပ်ကြောင်း အမေရိကန်၊ ဗြိတိန်စွပ်စွဲ ရုရှားဟာ အာကာသတွင်း လက်နက် စမ်းသပ်မှု လုပ်ကြောင်း အမေရိကန်၊ ဗြိတိန်စွပ်စွဲ Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.