မွန်ညီညွတ်ရေးပါတီက မွန်အပြင် ကရင်၊တနင်္သာရီနဲ့ရန်ကုန်ကနေရာအချို့ပါ ဝင်ပြိုင်သွားဖို့ရှိနေ

မွန်အပြင် ကရင်၊တနင်္သာရီနဲ့ရန်ကုန်ကနေရာအချို့ပါ ဝင်ပြိုင်သွားဖို့ရှိ
လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီအများစုဟာ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်အပေါ် အခြေခံပြီး တိုင်းရင်းသားပါတီတွေပေါင်းစည်းပြီး NLD ပါတီကိုအနိုင်ရဖို့ မျှော်လင့်နေကြပါတယ်။

ဒီထဲမှာ မွန်ပြည်နယ်က အားအကောင်းဆုံးမွန် နှစ်ပါတီဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်အမျိုးသား ပါတီ နှစ်ခုကို မွန်ညီညွတ်ရေးပါတီအဖြစ် တစ်ခုတည်း ပေါင်းစည်းထားခဲ့ပါတယ်။

မွန်ညီညွတ်ရေးပါတီအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ မွန်ပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံပြီး ဝင်ရောက် ယှဉ်ပြိုင်ဖို့ရှိနေသလို တနင်္သာရီ၊ ကရင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းကနေရာ တစ်ချို့ မှာလည်း ဝင်ရောက် ယှဉ်ပြိုင်ဖို့ရှိပါတယ်။

မွန်ညီညွတ်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်မှု ၊ အောင်နိုင်ရေး မျှော်မှန်းချက် စတာတွေကို မွန်ညီညွတ်ရေးပါတီအတွင်းရေးမှူး နိုင်လယီတမကို ဘီဘီစီကဆက်သွယ် မေးမြန်းထားပါတယ်။

ဘီဘီစီ - မွန်ပြည်နယ်အပါအဝင် ကရင်တို့ တနင်္သာရီတို့မှာလည်း ဝင်ပြိုင်မယ်လို့သိရတယ်။ စုစုပေါင်း ဘယ်နှစ်နေရာဝင်ပြိုင်ဖို့ရှိလဲ။

နိုင်လယီတမ - ၆၂ နေရာဝင်ပြိုင်သွားမယ်။

ဘီဘီစီ - မွန်မှာဆို ဘီးလင်းတို့ သထုံတို့မှာ မပြိုင်ဘူးလို့တွေ့ရတယ်။ ဝင်ပြိုင်ဖို့ မဲဆန္ဒနယ်ကို ဘယ်လိုပုံစံ နဲ့ရွေးချယ်တာလဲ။

နိုင်လယီတမ - အဓိကရွေးချယ်တာက မြို့နယ်ပါတီရုံးစိုက်ရာ မြို့နယ်အားလုံးမှာ ဝင်ပြိုင်ရမယ်ဆိုတဲ့ မူရှိတယ်။ ဒီအပေါ်မှာ မူတည်ပြီးစဉ်းစားတာ။ ဘီလင်းမှာက ပါတီကော်မတီတွေ ပါတီရုံး တွေမဖွင့်နိုင်ခဲ့ဘူး။ ဝင်မပြိုင်ဖြစ်ဘူး။ သထုံကတော့ ပါတီကော်မတီ ရှိသော်လည်း အကြောင်းကြောင့် ဝင်ပြိုင်တဲ့သူပေါ်မလာ သေးတဲ့အတွက် ဝင်မပြိုင်ဖြစ်ဘူး။

ဘီဘီစီ - ၂၀၁၅ ရွေးကောက်ပွဲက အနေအထားတွေကိုကြည့်ပြီး မွန်အဓိက ပါတီ၂ခုပေါင်းပြီးမွန်ညီညွတ် ရေးပါတီအနေနဲ့ ပေါင်းထားတယ်။ အဓိက ပြိုင်ဘက်အနေနဲ့ NLD ပါတီဖြစ်တယ်လို့ ဆိုတော့ ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့အခါမှာ NLD ကို ယှဉ်နိုင်ဖို့ ဘယ်လိုအချက်တွေနဲ့ ရွေးချယ်ထားလဲ။

နိုင်လယီတမ - အဓိက ၁၈ချက်ရှိတယ်၊ ကိုယ်စားလှယ်လောင်း အရည်အချင်း။ ဒီမှာ အဓိက ထားထား တာက ကျွမ်းကျင်တဲ့ ဥပဒေပြုပညာ ရှိဖို့လိုတယ်။ ဒေသခံတွေ လိုလားနှစ်သက် ထောက်ခံတဲ့သူတွေအပေါ် မူတည်ပြီး စဉ်းစားတယ်။ မြို့နယ်ခံ ဖြစ်ဖို့လိုတယ်။ ဒီ၃ချက်ကို အဓိက အခြေခံစဉ်းစားတာပေါ့။
လာမယ့် ရွေးကောက်ပွဲမှာ ပိုအားကောင်းလာမယ်လို့ တိုင်းရင်းသားပါတီတွေ မျှော်လင့်
ဘီဘီစီ - မွန်အင်အားကြီး ပါတီနှစ်ခုလည်း ပူးပေါင်းထားတယ်ဆိုတော့ လာမယ့် ရွေးကောက်ပွဲမှာ ရလဒ်ကဘယ်လိုရှိမယ်လို့ မျှော်မှန်းထားလဲ။

နိုင်လယီတမ - ကျွန်တော်မျှော်မှန်းထားကတော့ မွန်နှစ်ပါတီ ပေါင်းစည်းလိုက်တဲ့အတွက် မွန်ပြည်သူတွေ အနေနဲ့ အားရကျေနပ်မှု ရှိလာတယ်။အဲဒီအပေါ် နိုင်ငံရေးအရ စိတ်ဓာတ်နိုးကြားမှု တွေရှိလာတယ်။ ဒီနိုးကြားမှုအပေါ်မှာ မဲရုံကို မဲဆန္ဒရှင်အားလုံးလိုလို တော်တော်များများ လာကြမယ်လို့ ယူဆတယ်။ ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲကတော့ ပြီးခဲတဲ့၂၀၁၅ထက်စာရင် ထူးခြားတဲ့ ရလဒ်ရမယ်လို့ မျှော်လင့်ထားတယ်။

ဘီဘီစီ - လက်ရှိ ကိုဗစ်ကာလဖြစ်နေတော့ မဲဆွယ်စည်းရုံးရေးမှာ အဟန့်အတားတွေရှိနေတော့ ဒါက ရွေးကောက်ပွဲရလဒ်အပေါ် သက်ရောက်မှုရှိနိုင်လား။

နိုင်လယီတမ - အကန့်အသတ်တွေကတော့ များမှာပဲ။ ဘယ်လိုအကန့်သတ်များသည်ဖြစ်စေ ယှဉ်ပြိုင်မှုမှာ ပါတီတိုင်း အားလုံးကို တန်းတူသဘောထားမယ်ဆိုရင် တရားမျှတမှုရှိတယ်လို့ ပြောနိုင်တယ်။ သို့သော်လည်း အတိုက်အခံတွေက ဘာမှ စည်းရုံးရေး မလုပ်နိုင်တဲ့အခြေအနေမှာ အာဏာရပါတီဖြစ်တဲ့ အစိုးရခေါင်းဆောင်တွေက အစိုးရတာဝန်နဲ့သွားလာတဲ့အချိန်မှာ ရွေးကောက်ပွဲအတွက် ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ရွေးကောက်ပွဲအတွက် အာဏာရပါတီအတွက် အထောက်အကူ ဖြစ်တယ် ဆိုတာက ငြင်းလို့မရဘူး။ သို့သော်လည်း ဘယ်နိုင်ငံမှာမဆို အတိုက်အခံပါတီနဲ့ အာဏာရပါတီဆို အာဏာရပါတီက အမြဲတမ်း နှာတစ်ဖျားသာတယ်ဆိုတာက သဘာဝပါပဲ။

ဘီဘီစီ - ကြားဖြတ်ရွေးကောက်ပွဲရလဒ်အရ မွန်ပြည်နယ်မှာလည်း NLD က သူတို့ အမာခံနေရာတွေကို ပြန်ရှုံးသွားတာတွေရှိလာတော့ ဒီအနေအထားကိုသုံးသပ်ပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်မှာ ဘယ်လိုအနေအထားမျိုးတွေဖြစ်လာနိုင်မယ်လို့ မျှော်မှန်းထားလဲ။

ပြီးခဲ့တဲ့အာဏာရ NLD အစိုးရရဲ့ ၄နှစ်ကျော်စွမ်းဆောင်ချက်တွေက အထူးသဖြင့် ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ပေးခဲ့တဲ့ ကတိကဝတ်တွေကို ဘာတစ်ခုမှမလုပ်ဆောင်နိုင်ခဲ့ဘူး။ အထူးသဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေ မတိုးတက်ဘူး။ ၂၀၀၈ အခြေခံဥပဒေကို မပြင်ဆင်နိုင်ခဲ့ဘူး။ ၂၀၀၈အခြေခံဥပဒေပြင်ဖို့ တင်တဲ့စာတမ်းမှာလည်း တိုင်းရင်းသားအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နဲ့ဆိုင်တဲ့ အချက်အလက်တွေ ဖက်ဒရယ်နဲ့ဆိုင်တဲ့အချက်အလက်တွေ ဘာတစ်ခုမှ မပါခဲ့ဘူး။ ဒီအပေါ်မှာသုံးသပ်မယ်ဆိုရင် တိုင်းရင်းသားတိုင်းကတော့ ကိုယ့်အခွင့်အရေးအတွက် ကိုယ်ရည်မှန်းတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်၊ လွှတ်တော်အတွက်ဖြစ်စေ ဘယ်သူကိုမှ အားကိုးလို့မရတော့ဘူး။ ကိုယ့်လူမျိုး ကိုယ့်အမျိုးသားပါတီကိုပဲ အားကိုးရမယ်ဆိုတဲ့ အမြင်ပေါ်မှာ လာမယ့် ၂၀၂၀ ကတော့ တိုင်းရင်းသားပြည်နယ်တိုင်းမှာ တိုင်းရင်းသားတွေက အများစုအနိုင်ရမယ်လို့ မျှော်လင့်ထားတာပေါ့။

BBC Burmese
https://www.bbc.com/burmese/burma-53550199
မွန်ညီညွတ်ရေးပါတီက မွန်အပြင် ကရင်၊တနင်္သာရီနဲ့ရန်ကုန်ကနေရာအချို့ပါ ဝင်ပြိုင်သွားဖို့ရှိနေ မွန်ညီညွတ်ရေးပါတီက မွန်အပြင် ကရင်၊တနင်္သာရီနဲ့ရန်ကုန်ကနေရာအချို့ပါ ဝင်ပြိုင်သွားဖို့ရှိနေ Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.