ဇီဝလက်နက် လျှို့ဝှက်စမ်းသပ်မှု ဖော်ထုတ်ရေးသားချက် တရုတ်နဲ့ ပါကစ္စတန် ငြင်းဆို


တရုတ်နဲ့ ပါကစ္စတန် မဟာမိတ်နှစ်နိုင်ငံဟာ နိုင်ငံတကာ သဘောတူညီချက်တွေကို ချိုးဖောက်ပြီး ဇီဝလက်နက် စမ်းသပ်သုတေသန ပူးတွဲလုပ်ဆောင်နေတယ်ဆိုတဲ့ မီဒီယာ သတင်းဖော်ပြချက်ဟာ အဓိပ္ပာယ်မဲ့ လုပ်ကြံဖန်တီးမှုဆိုပြီး နှစ်နိုင်ငံစလုံးက ငြင်းဆိုလိုက်ပါတယ်။

အသက်အန္တရာယ်ရှိတဲ့ Anthrax ထောင့်သန်း ဗိုင်းရပ်စ်ပိုးတွေနဲ့ ဆက်စပ်တဲ့ သုတေသနစီမံကိန်း အများအပြား လုပ်နေတာ အပါအဝင် အလားအလာရှိတဲ့ ဇီဝလက်နက်စွမ်းရည်ကို တိုးချဲ့နိုင်ရေးအတွက် တရုတ်နဲ့ ပါကစ္စတန်အစိုးရ နှစ်ရပ်ဟာ သုံးနှစ်ကြာ သဘောတူညီချက်နဲ့ လျှို့ဝှက်ဆောင်ရွက်နေတယ်လို့ သြစတြေးလျသတင်းစာ The Klaxon ရဲ့ စုံစမ်းဖော်ထုတ် ရေးသားချက်မှာ စွပ်စွဲရေးသားထားပါတယ်။ ဒီရေးသားချက်ကိုတော့ ပြီးခဲ့တဲ့ သီတင်းပတ်က ဖော်ပြခဲ့တာပါ။

ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြထားတဲ့ ဒီသတင်းမှာတော့ ပါကစ္စတန်မှာ လျှို့ဝှက်စမ်းသပ်ခန်းတွေ တည်ထောင်ဖို့အတွက် တရုတ်ရဲ့ သုတေသနဌာန Wuhan Institute of Virology က ငွေကြေးအရရော နည်းပညာအရရော ထောက်ပံ့ပေးတယ်လို့ ဖော်ပြပါတယ်။

တရုတ်နိုင်ငံ ဝူဟန် သုတေသန ဓာတ်ခွဲခန်းကနေ ရောဂါဖြစ်စေတဲ့ Pathogens တွေနဲ့ ဇီဝဆိုင်ရာ အချက်အလက်တွေကို ဘယ်လိုကိုင်တွယ် ဆောင်ရွက်သလဲ ဆိုတာကို ပါကစ္စတန် သိပ္ပံပညာရှင်တွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့်သင်တန်းပေးခဲ့ကြောင်း၊ ပါကစ္စတန်အနေနဲ့ ကိုယ်ပိုင် ဗိုင်းရပ်စ် အချက်အလက်တွေ ဖော်ထုတ် စုစည်းနိုင်ဖို့ အခုလို သင်တန်းတွေ ပေးတာဖြစ်ကြောင်း သတင်းက ဖော်ပြပါတယ်။

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဖော်ပြတဲ့ အတုအယောင်သတင်းသာ ဖြစ်တယ်လို့ ပြောဆိုပြီး ဒီသတင်းဖော်ပြချက်ကို တနင်္ဂနွေနေ့မှာ ငြင်းဆိုပါတယ်။

ပါကစ္စတန်ဆိုင်ရာ တရုတ်သံရုံးဘက်ကလည်း သြစတြေးလျ မီဒီယာရဲ့ ဖော်ပြချက်ဟာ လုပ်ကြံဖန်တီးထားတာ ဖြစ်တယ်လို့ ပြောဆိုပြီး ရှုတ်ချထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/china-pakistan-reject-biowarfare/5518742.html
ဇီဝလက်နက် လျှို့ဝှက်စမ်းသပ်မှု ဖော်ထုတ်ရေးသားချက် တရုတ်နဲ့ ပါကစ္စတန် ငြင်းဆို ဇီဝလက်နက် လျှို့ဝှက်စမ်းသပ်မှု ဖော်ထုတ်ရေးသားချက် တရုတ်နဲ့ ပါကစ္စတန် ငြင်းဆို Reviewed by THITHTOOLWIN on 21:05 Rating: 5
Powered by Blogger.