ဟောင်ကောင်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်မားလာလို့ စိုးရိမ်နေရ

လူအုပ်စုလိုက် ကူးစက်မှုတွေများလာနိုင်တဲ့ အတွက် အိမ်ထဲမှာပဲ နေကြဖို့ကိုလည်း ကယ်ရီလမ်းတိုက်တွန်း
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်မားလာရင် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပြိုလဲသွားနိုင်တယ်လို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက သတိပေး ပြောကြားပါတယ်။

လူအုပ်စုလိုက် ကူးစက်မှုတွေများလာနိုင်တဲ့ အတွက် အိမ်ထဲမှာပဲ နေကြဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့ကနေစပြီး စားသောက်ဆိုင်တွေပိတ်ဖို့နဲ့ အပြင်သွားရင်လည်း နှာခေါင်းစည်း တပ်ဆင်ဖို့ အမိန့်တွေ ညွှန်ကြားချက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။

အရင်က ဟောင်ကောင် အနေနဲ့ ကိုဗစ် ၁၉ ထိန်းချုပ်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပေမဲ့ တစ်နေ့ကို ကူးစက်မှု လူနာသစ် ၁၀၀ လောက်ရှိကြောင်း သတင်းထုတ်ပြန်နေရပါပြီ။ ဇူလိုင်လ ၂၈ ရက်၊ အင်္ဂါနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဗိုင်းရပ်စ် ကူးစက်မှုတွေ များလာနိုင်တဲ့အတွက် ဟောင်ကောင်ရဲ့ ကျန်းမာရေး စနစ်ဟာ ပြိုလဲနိုင်ပြီး၊ လူ့အသက်များစွာ ဆုံးရှုံးနိုင်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ အတွက် အထူး စိုးရိမ်ရကြောင်း အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ပြောဆိုခဲ့တာပါ။

ဒါကြောင့် လူအချင်းချင်း ခပ်ခွာခွာ နေရေး အစီအစဥ်တွေကို တင်းတင်းကျပ်ကျပ် လိုက်နာဖို့နဲ့ အိမ်မှာပဲ တတ်နိုင်သမျှနေဖို့ သူက ပန်ကြားခဲ့ပါတယ်။

လူ ၁၀၆ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အဲဒီနေ့မှာ အတည်ပြုထားခဲ့ပြီးနောက်မှာ သူက အခုလို ပန်ကြားခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီအရင် တနင်္လာနေ့တုန်းကလည်း လူ ၁၄၅ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် ဇူလိုင် ၂၉ ရက် ဗုဒ္ဓဟူးနေ့ကစပြီး နေအိမ်မတူတဲ့ လူ ၂ ယောက်ထက် ပိုပြီး မတွေ့ဆုံဖို့၊ စားသောက်ဆိုင်တွေ ပိတ်ဖို့ ညွှန်ကြား လိုက်တာပါ။
ဒီလ အစောပိုင်းတုန်း က လူ၅၀ အထိ တွေ့ဆုံခွင့် ပေးခဲ့ပေမဲ့ရက်အနည်းငယ် အကြာမှာ ၄ယောက်ထိ တွေ့ခွင့်ရခဲ့ပါသေးတယ်။ အခုအခါမှာတော့ ၂ ယောက်ပဲ ခပ်ခွာခွာ ဆုံတွေ့ခွင့်ရှိ
ဒါဟာ အတင်းကျပ်ဆုံး စည်းမျဉ်း စည်းကမ်းတွေလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လူအများသွားလာတဲ့ နေရတွေမှာလည်း နှာခေါင်းစည်းကို မဖြစ်မနေ ဝတ်ဆင်ရမယ်လို့လည်း ညွှန်ကြားထားပါတယ်။

ဘားတွေ၊ အလှပြင်ဆိုင်တွေနဲ့ အားကစားခန်းမတွေကိုလည်း ပိတ်ထားဖို့ အရင်ကတည်းက ညွှန်ကြား ထားပြီး ဖြစ်ပေမဲ့ အခုအခါမှာ ပိတ်ရက်တွေ ထပ်တိုးဖို့ ထပ်မံ ညွှန်ကြားလိုက်တာပါ။

ဒီလ အစောပိုင်းတုန်းက လူ၅၀ အထိ တွေ့ဆုံခွင့် ပေးခဲ့ပေမဲ့ ရက်အနည်းငယ် အကြာမှာ ၄ယောက်အထိ တွေ့ခွင့်ရခဲ့ပါသေးတယ်။ အခုအခါမှာတော့ ၂ ယောက်ပဲ ခပ်ခွာခွာ ဆုံတွေ့ခွင့်ရှိကြောင်း ပြောင်းလဲ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဟောင်ကောင်မှာ ကိုရိုနာ ဗိုင်းရပ်စ် အသစ်ကူးစက်မှု ၃၀၀၀ ကျော် ရှိပြီး နေ့စဉ် လူတစ်ရာမှာ အသစ်ကူးစက်မှုတွေ ရှိနေတာဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုကလည်း ၂၄ဦး အထိ ရှိနေပါပြီ။ ဒါဟာ သင်္ဘောသားတွေ၊ လေကြောင်းလိုင်း ဝန်ထမ်းစတဲ့ လူ နှစ်သိန်းလောက်ကို ကွာရန်တင်း မဝင်ဘဲ ကင်းလွတ်ခွင့်ပေးလိုက်တာ ကြောင့် ဖြစ်နိုင်တယ်လို့ ကျန်းမာရေး သုတေသီတွေက ပြောကြပါတယ်။

ဒါကို ခွင့်ပြုပေးခဲ့တဲ့ အစိုးရကိုလည်း လူတွေက ပြစ်တင် ဝေဖန်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် ဆေးရုံတွေရဲ့ သီးသန့်ခွဲခြား ထားရှိတဲ့ ခုတင် နေရာ ၇၈ ရာခိုင်နှုန်း ခန့်ဟာလူနာတွေနဲ့ ပြည့်နေပြီဖြစ်ပါတယ်။

ပြခန်းတစ်ခုကိုလည်း အရေးပေါ်ဆေးရုံအဖြစ် ဖန်းတီးထားရပါတယ်။ ဒီဆေးရုံမှာ မပြင်းထန်တဲ့ ကိုရိုနာ ဗိုင်းရပ်စ် လက္ခဏာရှိတဲ့ လူနာတွေကို ကုသမှု ပေးသွားမှာ ဖြစ်ပါတယ်။ ဟောင်ကောင်ဟာ ကိုရိုနာ ဗိုင်းရပ်စ်ထိန်းချုပ်ရေးမှာအကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့ပြီး၊ တရုတ်နိုင်ငံနဲ့ ကူးလူး သွားလာမှုတွေကို လျှော့ချ နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဗိုင်းရပ်စ် ကင်းစင်သွားပြီ ဆိုတဲ့ အယူအဆနဲ့ ပုံမှန်အခြေအနေ ပြန်လည် နေထိုင်ချိန်မှာ ပြည်တွင်းမှာကူးစက်မှုတွေ ပြန်လည် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ဟောင်ကောင်ထဲ ဝင်ရောက်လာကြတဲ့ လူတွေကို တင်းကျပ်မှုလျှော့သွားတဲ့ အချိန်မှာ ဗိုင်းရပ်စ် ပါလာတဲ့လူတွေက တစ်ဆင့် ကူးစက်မှုတွေ မြင့်တက်လာတာ ဖြစ်နိုင်တယ်လို့ ကျန်းမာရေး သုတေသီတွေက သုံးသပ်ကြပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-53585708
ဟောင်ကောင်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်မားလာလို့ စိုးရိမ်နေရ ဟောင်ကောင်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်မားလာလို့ စိုးရိမ်နေရ Reviewed by THITHTOOLWIN on 05:46 Rating: 5
Powered by Blogger.