မွန်ဘိုင်းက ဆင်းရဲသား ထက်ဝက်ကျော်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရ

မွန်ဘိုင်းမြို့က ဆင်းရဲသား ရပ်ကွက်
အိန္ဒိယ စီးပွားရေးမြို့ တော် မွန်ဘိုင်းမြို့က ဆင်းရဲသားရပ်ကွက်ကြီး ၃ ခုမှာ နေထိုင်ကြသူတွေရဲ့ ထက်ဝက်ကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်တဲ့ ပဋိပစ္စည်းတွေ ရှိကြောင်း လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။

တစ်နည်းအားဖြင့်ပြောရရင်တော့ သူတို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (သို့မဟုတ်) ကူးစက်ခံဖူးတဲ့သူတွေဖြစ်ပါတယ်။

ဒီဧရိယာအတွင်းမှာပဲ ဆင်းရဲသားရပ်ကွက်ပြင်ပမှာ နေသူ ၁၆ ရာခိုင်နှုန်းလောက်ပဲ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာ တွေ့ခဲ့ရပါတယ်။

လူဦးရေ ထူထပ်တဲ့ ဆင်းရဲသားရပ်ကွက် ၃ ခုက လူပေါင်း ၇၀၀၀ ဇူလိုင်လအစောပိုင်းတုန်းက စစ်ဆေးခဲ့ပြီးတဲ့နောက် ဒီရလဒ် ထွက်ပေါ်ခဲ့တာပါ။

မွန်ဘိုင်းမြို့မှာ ဇူလိုင်လ ၂၈ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၁၁၀, ၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူပေါင်း ၆, ၁၈၇ ဦး ရှိခဲ့ပါတယ်။

ဒီလေ့လာမှုကို မွန်ဘိုင်းမြို့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့၊ နီတီ အာရွတ် (Niti Aayog) အစိုးရ အကြံပေးအဖွဲ့၊ တာတာ သုတေသန အင်စတီကျု (Tata Institute of Fundamental Research- TIFR) စတဲ့ဌာနတွေ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာပါ။

ချမ်ဘာ (Chembur) ၊ မက်တွန်ဂါ (Matunga) နဲ့ ဒဟိရှာ (Dahisar) ဆင်းရဲသား ရပ်ကွက်တွေမှာ နေထိုင်ကြတဲ့ ဒေသခံ ၅၇ ရာခိုင်နှုန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားတာကို တွေ့ရှိခဲ့ပါတယ်။

မွန်ဘိုင်းမြို့ အလယ်ပိုင်း၊ အရှေ့ ပိုင်းနဲ့ အနောက်ပိုင်းတွေမှာ တည်ရှိတဲ့ အဲဒီ ဆင်းရဲသားရပ်ကွက်ကြီး ၃ ခုမှာ လူပေါင်း ၁.၅ သန်းလောက် နေထိုင်ကြတာပါ။

ဒီရလဒ်တွေဟာ အိန္ဒိယနိုင်ငံတွင်း ကိုရိုနာ အဆိုးဆုံး ကူးစက်ခံထားရတဲ့ မြို့ တစ်မြို့ဖြစ်တဲ့ မွန်ဘိုင်းမြို့ရဲ့ ရောဂါကူးစက်ပျံ့နှံ့မှုဆိုင်ရာ အခြေအနေတချို့ကို ထောက်ပြတာဖြစ်တယ်လို့ ဒီလေ့လာမှုမှာ ပါဝင်ခဲ့တဲ့ သုတေသီတွေက ဘီဘီစီကို ပြောပါတယ်။

ပထမ တစ်ချက်ကတော့ မွန်ဘိုင်းတစ်မြို့လုံး လူဦးရေ ၁၂.၅ သန်းထဲက ထက်ဝက်ကျော်လောက်နေထိုင်နေကြတဲ့ ဆင်းရဲသားရပ်ကွက်တွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုနှုန်း အစောပိုင်းတုန်းက တွက်ဆထားချက်ထက် ပိုပြီး ပျံ့နှံ့ခဲ့တာပါ။

ဒီကနဦး စမ်းသပ်မှုဟာ စာရင်းကိန်းဂဏန်းအရ မှန်ကန်တိကျပြီး အခြေအနေအမှန်ကို ထင်ဟပ်စေတယ်လို့လည်း သုတေသီတွေက ယူဆထားကြပါတယ်။

"စမ်းသပ်ဖို့အတွက် ကျွန်တော်တို့ ရွေးချယ်ထားတဲ့ နေရာသုံးခုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် မတူညီကြတာတွေ့ရပါတယ်။ အဲဒီမှာ ဆင်းရဲသားရပ်ကွက်၊ လုံးချင်းအိမ်တွေနဲ့ တိုက်ခန်းတွေမှာ နေနေကြသူတွေကြား ရောဂါပျံ့နှံ့မှု မတူတာကိုတွေ့ရပါတယ်၊ အဓိက ကတော့ လူဦးရေ ထူထပ်မှုဟာ ရောဂါပျံ့ နှံ့မှုကို ဘယ်လို ပြောင်းလဲသက်ရောက်စေလဲဆိုတာကို သိချင်လို့ ပါ" လို့ TIFR အဖွဲ့က ဒေါက်တာ အူလာ့စ် အက်စ် ကုလ်သာက ဘီဘီစီကို ပြောပါတယ်။

ဒီလေ့လာမှုဟာ မြို့ထဲမှာရှိတဲ့ ရပ်ကွက် ၂၄ ခုထဲက ၃ နေရာကိုပဲ စမ်းသပ်ခဲ့တာကြောင့် တစ်မြို့လုံးမှာ ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအခြေအနေကို ကိုယ်စားမပြုဘူးလို့ လည်း သုတေသီတွေက ပြောပါတယ်။

"ဒါပေမဲ့ တခြားဒေသတွေက ဗိုင်းရပ်စ်ပျံ့နှံ့မှုနှုန်းဟာလည်း ဒီစစ်တမ်းမှာ တွေ့ရှိခဲ့တဲ့ အရေအတွက်နဲ အများကြီး မကွာနိုင်ဘူးဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်" လို့ TIFR အဖွဲ့က ဒေါက်တာဆန်ဒိ ဂျန်နီဂျာ က ပြောပါတယ်။
မွန်ဘိုင်းမှာ ကိုဗစ် ၁၉ ကူးစက်ခံထားရသူ ၁၁၀,၀၀၀ ကျော်သွားပြီဖြစ်
လူဦးရေ ထူထပ်ပေမဲ့ တခြားနိုင်ငံက မြို့ ကြီးတွေမှာတော့ ဗိုင်းရပ်ပျံ့နှံ့မှုနှုန်း နည်းတာကို တွေ့ရပါတယ်။ မေလနဲ့ ဇူလိုင်လမှာ အသီးသီး လုပ်ခဲ့တဲ့ စစ်တမ်းတွေအရ လန်ဒန်မြို့မှာ ခြောက်ယောက်မှာ တစ်ယောက်၊ နယူးယောက်ခ်မြို့ မှာ ငါးယောက်မှာ တစ်ယောက်၊ပဲ ဗိုင်းရပ်စ် ကူးစက်ခံထားလို့ သွေးထဲမှာ ထွက်ပေါ်လာတဲ့ ပဋိပစ္စည်းတွေကို တွေ့ရှိရပါတယ်။

ဇူလိုင်လအတွင်း အိန္ဒိယ အစိုးရက လုပ်ခဲ့တဲ့ စစ်တမ်းမှာတော့ ဒေလီမြို့တော်မှာ ဒေသခံ လေး ဦးမှာ တစ်ဦး နီးပါး ကိုဗစ် ၁၉ ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ပါတယ်။

မွန်ဘိုင်းမြို့က ဆင်းရဲသားရပ်ကွက်တွေမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုနှုန်း မြင့်တာက ဒေသခံတွေဟာအတူ တွဲအသုံးပြုရတာတွေများတာ ဥပမာ - အိမ်သာတွေကို အတူတွဲသုံးတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

"လူဦးရေ ထူထပ်မှုဟာ ဗိုင်းရပ်စ်ပျံ့နှံ့မှုမှာ ဘယ်လို အဓိက ကျသလဲဆိုတာ ဒီရလဒ်တွေက ထောက်ပြလိုက်တာပဲ" လို့ ဒေါက်တာ ဂျန်နီဂျာ က ပြောပါတယ်။

ဒီရပ်ကွက်သုံးခုမှာ လူအများအပြား ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရပေမဲ့ ရောဂါလက္ခဏာ လုံး၀ မပြတဲ့သူ ဒါမှမဟုတ် နည်းနည်းပဲ ပြတဲ့သူတွေက အများစုဖြစ်ပြီး ပြန်လည်နာလန်ထူလာတာကြောင့် အသေအပျောက် နည်းပါးခဲ့တာဖြစ်ကြောင်းလည်း ဒီ လေ့လာမှုမှာ ဖော်ပြထားပါတယ်။ သေဆုံးနှုန်းက ၁, ၀၀၀ မှာ တစ်ယောက် ကနေ၊ ၂, ၀၀၀ မှာ တစ်ယောက် နှုန်းလောက်သာရှိခဲ့ပါတယ်။ ဒါဟာ ကိုဗစ်ကြောင့် တစ်မြို့လုံးမှာ သေဆုံးတဲ့နှုန်းထက်စာရင် လျော့နည်းပါတယ်။

နောက်ပြီး ဆင်းရဲသားရပ်ကွက်ကဖြစ်စေ၊ ဆင်းရဲသားရပ်ကွက်ပြင်ပက ဖြစ်စေ အမျိုးသမီးတွေက ပိုပြီး ရောဂါ ကူးစက်ခံခဲ့ရတာကိုလည်း တွေ့ခဲ့ရပါတယ်။

"အကြောင်းအရင်းကို မသိပေမဲ့ ဒါဟာ သိပ်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ အကြောင်းရင်းက လူမှုပေါင်းသင်းဆက်ဆံပုံကနေ ဇီဝကမ္မ မတူညီမှုအထိ အားလုံး ဖြစ်နိုင်တယ်" လို့ ဒေါက်တာ ကုလ်သာ က ပြောပါတယ်။

မွန်ဘိုင်းမြို့မှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် တဖြည်းဖြည်း ကျဆင်း လာနေတာကြောင့် ဒီရောဂါပိုးကို သက်ဆိုင်ရာ လူထုက ခံနိုင်ရည်အား (herd immunity) ရှိသွားပြီလားဆိုတဲ့ မေးခွန်းတွေလည်း အခု စစ်တမ်းတွေ့ရှိချက်နဲ့ အတူ ပေါ်ပေါက်လာပါတယ်။

အင်္ဂါနေ့တုန်းက မွန်ဘိုင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ အသစ် ၇၁၇ ဦး တွေ့ရှိခဲ့ပါတယ်။ ဒါဟာ ၃ လအတွင်း အနည်းဆုံး အရေအတွက်ပါ။

သက်ဆိုင်ရာ လူထုကြားမှာ ဗိုင်းရပ်စ်ကို ခံနိုင်ရည်အားရှိသွားတဲ့ လူဦးရေက လိုအပ်တဲ့အရေအတွက်ထိ ရောက်သွားပြီဆိုရင် အဲဒီ လူထုကြားမှာ ဒီရောဂါပိုးကို ခံနိုင်သွားပြီး ရောဂါ ဆက်လက်မပြန့်ပွားတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

"လောလောဆယ် အဖြေမရှိသေးပါဘူး။ ဒီဗိုင်းရပ်စ်ပိုးကို ဘယ်လောက်ကြမှ ခံနိုင်ရည်ရှိမလဲဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး။ ဆန်းစစ်လေ့လာမှုကို ထပ်တလဲလဲ လုပ်ပြီးမှပဲ အဖြေထွက်လာမှာပါ" လို့ ဒေါက်တာ ကုလ်သာက ပြောပါတယ်။

ဒီရပ်ကွက် (ဒေသ) ၃ ခုမှာ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု တိုးလာသလား၊ လျော့နည်းသွားသလဲဆိုတာ သိနိုင်ဖို့ ဩဂုတ်လအတွင်းမှာ နောက်တစ်ကြိမ် စစ်တမ်းကောက်သွားမှာ ဖြစ်ပါတယ်။
အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အများဆုံး မွန်ဘိုင်းမြို့
ပဋိပစ္စည်း (antibodies) တွေခန္ဓာကိုယ်ထဲမှာ ရှိရုံနဲ့ ကိုဗစ်ရောဂါပိုးကို ထိထိရောက်ရောက် မကာကွယ်ပေးနိုင်ဘူးလို့လည်း သုတေသီတွေက ပြောပါတယ်။ ပဋိပစ္စည်းအရေအတွက် ဘယ်လောက်များများရှိမှ ရောဂါကို ကာကွယ်နိုင်စွမ်းရှိသလဲဆိုတာကိုလည်း သူတို့ လေ့လာရဦးမှာပါလို့ ဆိုပါတယ်။

နောက်ထပ် ပြဿနာတစ်ခုကတော့ ကိုဗစ်၁၉ ပဋိပစ္စည်းတွေရဲ့ အာနိသင်ဟာ ရက် ၉၀ အတွင်း ယုတ်လျော့သွားနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်လို့ သုတေသီတွေက ပြောပါတယ်။

ကျွန်တော်တို့ ဗိုင်းရပ်စ်ပိုး ထိတွေ့ကူးစက်ကြပြီဆိုရင် ကျွန်တော်တို့ ကိုယ်ခံစွမ်းအားက ဗိုင်းရပ်စ်ကို ဘယ်လို တုံ့ပြန်နေလဲဆိုတာကို တိတိကျကျ မသိသေးတာဘဲလို့ အိန္ဒိယ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌ၊ ဒေါက်တာ ကေ ဆရီနတ်ရက်ဒီက ပြောပါတယ်။

ကျွန်တော်တို့ လုပ်နိုင်တာကတော့ မျှော်လင့်ချက်နဲ့ စောင့်မျှော်နေရတာပါပဲလို့ ဒေါက်တာ ရက်ဒီက ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-53587597
မွန်ဘိုင်းက ဆင်းရဲသား ထက်ဝက်ကျော်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရ မွန်ဘိုင်းက ဆင်းရဲသား ထက်ဝက်ကျော်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရ Reviewed by THITHTOOLWIN on 05:40 Rating: 5
Powered by Blogger.