TikTok ကို အမေရိကန် အရေးယူတော့မလား


တရုတ်ပိုင် အက်ပလီကေးရှင်း APP TikTok ကို နိုင်ငံလုံခြုံရေး ကိစ္စအောက်မှာ အမေရိကန်အစိုးရက သုံးသပ်စစ်ဆေးနေပြီး ဒါနဲ့ ပတ်သက်လို့ သမ္မတ Donald Trump ကို လာမယ့် သီတင်းပတ်အတွင်း အကြံပြုတင်ပြဖို့ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin ကပြောပါတယ်။

TikTok နဲ့ ပတ်သက်လို့ ဘယ်လိုကိုင်တွယ်မလဲဆိုတာ စဉ်းစားနေကြောင်း Trump ကလည်း ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

ဗွီဒီယိုဖိုင်တွေ တင်ပြလို့ရတဲ့ ဆိုရှယ်မီဒီယာ အက်ပလီကေရှင်းဟာ အမေရိကန်နဲ့ ကမ္ဘာတဝှမ်းမှာ အလွန်လူကြိုက်များနေတာပါ။ ကမ္ဘာတဝှမ်းကနေ အဲဒီမှာ တင်ထားတဲ့ ဗွီဒီယိုဖိုင်ပေါင်း ၂ ဘီလီယံလောက်ရှိပြီး အဲဒီထဲက ဗွီဒီယိုပေါင်း ၁၆၅ သန်းဟာ အမေရိကန်က ဖြစ်ပါတယ်။

TikTok အက်ပလီကေးရှင်းမှာ ဖျော်ဖြေရေး ဗွီဒီယိုတွေသာမက နိုင်ငံရေး၊ လူမျိုးရေးခွဲခြားမှု နဲ့ မကြာခင်ကျင်းပတော့မယ့် သမ္မတရွေးကောက်ပွဲ ဆိုင်ရာ ဆွေးနွေးပွဲတွေ၊ စကားရည်လုပွဲတွေ စတာတွေလည်း ပါဝင်ပါတယ်။

TikTok ကုမ္ပဏီအနေနဲ့ သူအက်ပလီကေးရှင်း အသုံးပြုနေသူတွေရဲ့ အချက်အလက်တွေကို တရုတ်အစိုးရဆီ ပေးပို့နိုင်တဲ့ အနေအထား စိုးရိမ်ရတာကြောင့် လုံခြုံရေး ခြိမ်းခြောက်မှု တခုဖြစ်လာနိုင်တယ်လို့ အမေရိကန်အရာရှိတွေက စိုးရိမ်နေကြတာပါ။

TikTok ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ကတော့ သူတို့အနေနဲ့ တရုတ်အစိုးရဆီကို အက်ပလီကေးရှင်းသုံးသူတွေရဲ့အချက်အလက်တွေ မျှဝေခြင်းမရှိသလို၊ အမေရိကန်က အသုံးပြုနေသူတွေနဲ့ အချက်အလက်တွေကို အမေရိကန်နဲ့ စင်္ကာပူမှာသာ

စုဆောင်း သိုလှောင်ထားတာဖြစ်တယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်အစိုးရနဲ့ ဘာမှမဆိုင်ကြောင်းပြသတဲ့အနေနဲ့ Disney ကုမ္ပဏီ အမှုဆောင်ဟောင်းKevin Mayer ကို TikTokကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် မကြာသေးခင်ကမှ ရွေးချယ်ခန့်အပ်ထားတာပါ။

အမေရိကန် ဘဏ္ဍာရေးဌာနက ဦးဆောင်တဲ့ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီ (CFIUS) ကနေ TikTok နဲ့ ပတ်သက်လို့ စုံစမ်းမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Mnuchin ကပြောပါတယ်။ဒီကော်မတီရဲ့ အလုပ်ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကြီးကြပ်ဖို့နဲ့ ဖြစ်နိုင်ခြေရှိတဲ့ အမျိုးသားလုံခြုံရေးအန္တရာယ်တွေ အတွက်အကဲဖြတ်ဖို့ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/tiktok-us-treasury-recommendation-to-trump-/5523222.html
TikTok ကို အမေရိကန် အရေးယူတော့မလား TikTok ကို အမေရိကန် အရေးယူတော့မလား Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.