စာရွက်စာတမ်းကိစ္စကြောင့် အလုပ်သမားတွေ ထိုင်းမှာ အလုပ်ပြန်ဝင်ဖို့ ခက်ခဲနေ

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ပြန်လာအလုပ်လုပ်နိုင်ကြောင်း ထိုင်းနိုင်ငံက ခေါ်ထားပေမယ့် ကျန်းမာရေး စစ်ဆေးခ ကုန်ကျစရိတ်တွေကို ကျခံရမယ့်ကိစ္စ မပြတ်သားတာကြောင့် အလုပ်သမား ပြန်လည်စေလွှတ်ဖို့ ကြန့်ကြာနေရပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေထဲမှာ စာရွက်စာတမ်းအပြည့်အစုံနဲ့ တရားဝင်ပြန်လာပြီး ထိုင်းနိုင်ငံကို ပြန်လည်သွားရောက်ခွင့်ရဖို့ စောင့်ဆိုင်းနေသူ ၆၉၂၀၀ ကျော်ရှိပြီး နှစ်နိုင်ငံ သဘောတူညီချက်နဲ့ သွားရောက်မယ့် အလုပ်သမား ၄၂၀၀၀ ကျော် စုစုပေါင်း တစ်သိန်းတစ်သောင်းကျော် ရှိနေပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ထိုင်းကိုပြန်သွားတဲ့အခါ  ခရီးသွားနိုင်ကြောင်း ကျန်းမာရေးထောက်ခံချက်နဲ့ ကျမ်းမာရေးအာမခံ လိုအပ်မှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုခံယူပြီး ၁၄ ရက် ကြပ်မတ်စောင့်ကြည့် ခံရမှာဖြစ်ပါတယ်။

ကျန်းမာရေး အာမခံထားရှိရမှာဆိုပေမယ့် ထိုင်းမှာ လူမှုဖူလုံရေးကြေး ပေးသွင်းထားရင် ကျန်းမာရေး အာမခံထားစရာ မလိုတဲ့အတွက် စရိတ်သက်သာမှုရှိနိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးဖို့ တစ်ဦးကို ဘတ် ၁၃၀၀၀ ကနေ ၁၉၀၀၀ အထိ ကျသင့်မှာဖြစ်ပြီး ၁၄ ရက် ကြပ်မတ်စောင့်ကြည့်မှု စရိတ်က ခန့်မှန်း ဘတ် ၁ သောင်းလောက် ကုန်ကျမှာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးစရိတ်နဲ့ ကြပ်မတ်စောင့်ကြည့်ကာလ ကုန်ကျစရိတ်ကို အလုပ်သမားတွေ ပြန်လည်ခေါ်ယူမယ့် အလုပ်ရှင်ဖက်ကကျခံဖို့ ထိုင်းအစိုးရက ညွှန်ကြားထားပါတယ်။

အလုပ်ရှင်တွေဖက်က စိုက်မထုတ်နိုင်ဖြစ်နေတယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောပါတယ်။

“အလုပ်ရှင်က အလုပ်သမားတစ်ယောက်ကို ဘတ် ၁၃၀၀၀ ကနေ ၁၉၀၀၀ အကုန်ခံရမယ်ဆိုရင် အလုပ်သမား ၁၀ ယောက်ဆိုရင် ဘတ် ၁ သိန်းကျော်ဆိုတာ ဒါကြီးက မဖြစ်နိုင်ဘူး၊ အခုက လမ်းစဉ်ပဲပြောထားတာ ကုန်ကျခံမယ်ဆိုရင်တောင် သွာလို့မဖြစ်သေးဘူး၊ ထိုင်းအစိုးရရော မြန်မာအစိုးရရော နှစ်နိုင်ငံ နယ်စပ်ပိတ် ထားတုန်းပဲ”

စရိတ်တွေကို စိုက်ထုတ်ကျခံဖို့အတွက် နှစ်နိုင်ငံ ညှိနှိုင်းနေဆဲဖြစ်တာကြောင့် အလုပ်သမား စေလွှတ်ဖို့ ကြန့်ကြာနေတာလို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

“သူတို့က လာရင် အာမခံကြေးတွေပြရမယ်၊ အရင်က ဒေါ်လာ တစ်သိန်းတောင် ပြောထားတာ။ လာရင် ကွာရန်တင်းဝင်ရမယ့် ၁၄ ရက်စာကို အလုပ်ရှင်ဖက်က ကျခံမလို အလုပ်သမားဖက်ကပဲ ကျခံမရမလို။ အဲဒါတွေက ညှိတဲ့အဆင့်ပဲရှိသေးတယ်၊ သူတို့က ခေါ်ချင်နေတယ်ဆိုတာသိတယ် တကယ်တမ်း အလုပ်ရှင်ဖက်က ကျခံမယ်မကျခံဘူးဆိုတာ ဘာမှသဲသဲကွဲကွဲ မသိသေးဘူး”

မြန်မာ အပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ရင် အရင်က ထိုင်းအစိုးရက ရပ်တည်ပေးမှု အားနည်းပြီး အလုပ်ရှင်တွေရဲ့ စာချုပ်ပါ အချက်အလက်ကို မကြာခဏဆိုသလို ဖောက်ဖျက်ခံနေရတာ ဖြစ်ပါတယ်။

အခု ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်ပြီး အလုပ်သမား ပြန်လည်ခေါ်ယူမှုမှာ မြန်မာအစိုးရဖက်က ထိုင်းအစိုးရနဲ့ တိကျတဲ့ သဘောတူညီချက်တွေကို ရယူဖို့ ကြိုးပမ်းလာတာကြောင့် မြန်မာအလုပ်သမားတွေ အရင်ကလောက် ဆိုးဝါးတဲ့ ခေါင်းပုံဖြတ်မှု မခံရလောက်တော့ဘူးလို့ ထိုင်းရောက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက သုံးသပ်ပါတယ်။

“ထိုင်းဘက်က လိုအပ်တဲ့အလုပ်သမားစံနှုန်း၊ ရွေ့ပြောင်းအလုပ်သမားတွေအပေါ် ထားတဲ့သဘော ထားတွေ၊ ဥပဒေပါ ရပိုင်ခွင့်တွေပေးရင် မြန်မာဘက်က လိုက်လျောသွားမယ့် အနေအထားရှိပါတယ်။ မြန်မာအလုပ် သမားတွေ အရင်ရင်ကလို တစ်ဖက်သတ် ချိုးနှိမ်ခံရတာ လုပ်အားခ၊ အချိန်ပိုကြေး အပါအဝင် စာချုပ်ပါ အချက်အလက်တွေ ချိုးဖောက်ခံရတာ ချိုးနှိမ်ခံရတာတွေ အခုသွားကြသူတွေ လျော့သွားမယ်လို့ ထင်ပါတယ်”

ထိုင်းနိုင်ငံ စူဖမ်ပူလီမြို့က စက်ရုံအလုပ်သမားတစ်ယောက်ဖြစ်တဲ့ ကိုနေပိုင်က ပြီးခဲ့တဲ့ မတ်လက ကိုယ်ရေးကိုယ် တာ ကိစ္စကြောင့် မြန်မာပြည်ကို တရားဝင် ပြန်လာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် ပြန်သွားလို့မရတော့ဘဲ အခုသွားရောက်ဖို့  စောင့်ဆိုင်းနေတယ်လို့ ပြောပါတယ်။

“သူတို့က ပြန်ခေါ်မယ်ပြောပြီး အခြေအနေစောင့်ကြည့်နေတယ်၊ ပြန်သွားရင်လည်း ဟိုမှာ ၁၄ ရက် စောင့် ကြည့်ခံရမယ်ပြောတယ်။ ဒီလကုန်လောက်တော့ ပြန်သွားနိုင်မယ်ထင်တယ်၊ အယောက်ဘယ်လောက်ဆိုလား ပြန်ဝင်ခွင့်ပေးမယ်ဆိုတာ ကြေညာထားတယ်”

ထိုင်းနိုင်ငံက ခရိုင် ၇၇ ခုမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းကျော် ရှိနေပြီး မဟာချိုင်၊ မဲဆောက်၊ ရနောင်း စတဲ့ မြို့နယ်တွေမှာ အများဆုံး နေထိုင်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ စက်ရုံအလုပ်ရုံတွေအတွက် လုပ်ခလစာ ဈေးပေါတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ် သမားတွေ မရှိမဖြစ် လိုအပ်နေတာဖြစ်ပါတယ်။

ဝေယံမိုးမြင့် / RFA Burmese
https://www.rfa.org/burmese/news/myanmar-workers-in-thai-07292020044151.html


စာရွက်စာတမ်းကိစ္စကြောင့် အလုပ်သမားတွေ ထိုင်းမှာ အလုပ်ပြန်ဝင်ဖို့ ခက်ခဲနေ စာရွက်စာတမ်းကိစ္စကြောင့် အလုပ်သမားတွေ ထိုင်းမှာ အလုပ်ပြန်ဝင်ဖို့ ခက်ခဲနေ Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.