ဗီယက်နမ် တစ်နိုင်ငံလုံး ဗိုင်းရပ်စ် ကူးစက်မှာကို စိုးရိမ်လို့ အစိုးရ သတိပေး

ဒါနန်းမြို့ကို လော့ဒေါင်းချထား
ဗီယက်နမ် နိုင်ငံ ဒါနန်းမြို့က ကူးစက်မှုတွေနဲ့ ဆက်နွယ်ပြီး တစ်နိုင်ငံလုံး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်သွားနိုင်တယ် ဆိုပြီး အစိုးရက သတိပေးချက်တွေ ထုတ်ပြန်နေပါတယ်။

လွန်ခဲ့တဲ့ သုံးလအတွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ် အသစ်ကူးစက်မှုတွေ မရှိခဲ့ရာက ဒါနန်းကမ်းခြေမြို့မှာ ကူးစက်ခံရသူ ၃၀ စံချိန်တင် တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ မြို့ကို ခရီးသွားတွေ လာရောက်မှုကို တားမြစ်ထားပြီး ပိတ်ဆို့မှုတွေ ချမှတ်ထားလိုက်ပါပြီ။

အဲဒီကို သွားရောက်လည်ပတ်ခဲ့သူတွေကိုလည် ခြေရာခံလိုက်ပြီး သီးခြား ခွဲခြား နေစေဖို့ တာဝန်ရှိသူ တွေက ကြိုးပမ်းနေပါတယ်။

ဗီယက်နမ် နိုင်ငံ မြို့တွေ၊ ရွာတွေဟာ အခုဆိုရင် ဗိုင်းရပ်စ် ကူးစက် နိုင်တဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီလို့ ဇူလ ၂၉ ရက် ဒီကနေ့မှာ ဝန်ကြီးချုပ် ငုရင်ဆွမ်ဖုက သတိပေးပြောကြား ခဲ့ပါတယ်။

ကူးစက်မှု မပြန့်ပွားစေဖို့ ထိန်းချုပ်မှုတွေကို အလျင်အမြန်နဲ့ ထိထိရောက်ရောက်ဆောင်ရွက်ဖို့ လိုတယ် လို့လည်း ဝန်ကြီးချုပ်က နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ပြောဆိုသွားခဲ့ပါတယ်။

အခု ထပ်မံ တွေ့ရှိရတဲ့ ဗိုင်းရပ်စ်ဟာ ဒီနှစ် အစောပိုင်းက တွေ့ထားတဲ့ ဗိုင်းရပ်စ် လက္ခဏာနဲ့ ကွဲပြား တယ်လို့လည်း သူက အစိုးရတာဝန်ရှိသူတွေကို ပြောပါတယ်။ ဒါကြောင့် ဒါနန်းဒေသ အပါအဝင် တစ်နိုင်ငံလုံး သတိအနေအထားနဲ့ ရှိသင့်တယ်လို့လည်း ဆိုပါတယ်။

ဇူလိုင်လ ၂၉ ရက် ဗုဒ္ဓဟူးနေ့ ဒီကနေ့မှာ ဒါနန်း ဒေသအပါအဝင် တခြားမြို့တွေနဲ့ မြို့တော် ဟနွိုင်းမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာသစ် ၈ ယောက် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ် ပြန်ပါတယ်။

ဟနွိုင်းမြို့က လူတွေကို နှာခေါင်းစည်းတပ်ပြီး အပြင်ထွက်ဖို့ သတိပေးနေသလို၊ ဆေးရုံတွေမှာလည်း ကာကွယ်ကုသရေး အတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားပါတယ်။
ပြည်တွင်း ခရီးသွား ၈ သောင်းလောက် ပြီးခဲ့တဲ့ရက်ပိုင်း က လာရောက်ခဲ့
ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ဒါနန်းကို လာရောက်လည်ပတ်ခဲ့သူ ပြည်တွင်းခရီးသွား ၈ သောင်း အထိ ရှိခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု သတင်းကို အတည်ပြုခဲ့ပြီးနောက်မှာ ခရီးသွားတွေဟာ ကိုယ့်နေရပ် အသီးသီးကို ပြန်သွားခဲ့ကြတာလည်း ဖြစ်ပါတယ်။

ကူးစက်မှုတွေကို သတင်းပို့ဖို့ တာဝန်ရှိသူတွေက တိုက်တွန်းနေပြီး၊ သီးခြား ခွဲနေဖို့ကိုလည်း ညွှန်ကြားနေရတာပါ။ ဒါ့အပြင် ဘတ်စကား ဂိတ်တွေနဲ့ လေဆိပ်ကိုလည်း ပိတ်ထားလိုက်ပါပြီ။

အရင်က ဗိုင်းရပ်စ် ကူးစက်မှုတွေကို ခြေရာကောက် လိုက်စစ်ဆေးပြီး ထိန်းချုပ်နိုင်ခဲ့တဲ့ ဗီယက်နမ် အတွက် ဒါနန်းမှာ ဖြစ်တဲ့ ကူးစက်မှုအသစ်တွေကြောင့် ဗိုင်းရပ်စ် ထိန်းချုပ်ရေးမှာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

ဗီယက်နမ် ဟာ တခြား နိုင်ငံတွေနဲ့ မတူဘဲ ဗိုင်းရပ်စ် ကူးစက်မှု ရှိနေတယ်လို့ အတည်မပြု နိုင်ခင်ကတည်းက ထိန်းချုပ်မှုတွေကို တင်းတင်းကျပ်ကျပ် လုပ်ခဲ့တာ ဖြစ်ပါတယ်။

နယ်စပ်တွေ၊ လေဆိပ်နဲ့ ဆိပ်ကမ်းတွေကို နိုင်ငံသားတွေ ပြန်လာတာကလွဲရင် ပြည်ပ ခရီးသွားတွေကို အစောဆုံး တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံတွင်းကို ဝင်လာသူတွေကိုလည်း ၁၄ ရက်တာ အစိုးရ စီစဉ်ထားတဲ့ နေရာတွေမှာ ကွာရန်တင်း ဝင်စေပြီး စောင့်ကြည့်ခဲ့တာပါ။

ဒါနန်းမှာ ဗိုင်းရပ်စ် ကူးစက်မှုတွေ ဘယ်လိုဖြစ်ခဲ့သလဲ ဆိုတာ ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ပထမဦးဆုံး အတည်ပြု လူနာသစ်ဟာ မြို့ကနေ ပြင်ပကို ခရီးသွားခဲ့ခြင်းလည်း မရှိဘူးလို့ သိရှိရပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-53581701
ဗီယက်နမ် တစ်နိုင်ငံလုံး ဗိုင်းရပ်စ် ကူးစက်မှာကို စိုးရိမ်လို့ အစိုးရ သတိပေး ဗီယက်နမ် တစ်နိုင်ငံလုံး ဗိုင်းရပ်စ် ကူးစက်မှာကို စိုးရိမ်လို့ အစိုးရ သတိပေး Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.