တရုတ်နိုင်ငံတဝန်း လူပေါင်း သန်း ၂၀ ကျော် ရေဘေးဒဏ်သင့်နေ

တရုတ်နိုင်ငံ Jiangxi ပြည်နယ်မှာ ရေဘေးကြောင့် ပျက်စီးသွားတဲ့ နေအိမ်တလုံး။ (ဇူလိုင် ၁၅၊ ၂၀၂၀)
တရုတ်နိုင်ငံတဝန်း ပြည်နယ် ၂၄ ခုက ဒေသတွေမှာ ဇူလိုင်လ အစောပိုင်းကစပြီး လူပေါင်း သန်း ၂၀ ကျော် ရေလွှမ်းမိုးမှုဒဏ် ခံစားနေရတယ်လို့ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားပါတယ်။

Jiangxi, Anhui နဲ့ Hubei ပြည်နယ်တွေမှာ ရေကြီးမှုကြောင့် လူ ၂၃ ယောက် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေပြီး လူဦးရေ ၁.၇၆ သန်းလောက်ကို အရေးပေါ် ရွှေ့ပြောင်း ကယ်ထုတ်ထားရတယ်လို့ တရုတ်အစိုးရပိုင် CCTV သတင်းဌာနက ပြောပါတယ်။

တောင်ပိုင်းက နန်ကျင်းမြို့အပါအဝင် Anhui, Jiangxi နဲ့ Zhejiang ပြည်နယ်တွေမှာ မိုးအပြင်းအထန်ရွာပြီး မြစ်တွေနဲ့ ရေကန်ကြီးတွေမှာ ရေတက်ပြီးတော့ မြို့တွေမှာ ရေကြီးနေတာနဲ့အမျှ အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Jiangxi ပြည်နယ်က Poyang ကန်ကြီးမှာ ဆောက်ထားတဲ့ ဆည်သုံးခုထဲကတခု ကျိုးပေါက်ခဲ့တာကြောင့် အနီးမှာရှိတဲ့ ရွာပေါင်း ၁၅ ရွာက လူဦးရေ ၈,၀၀၀ ကျော် ရေဘေးဒဏ်သင့်နေတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ကြေညာထားပါတယ်။

အိမ်ခြေ ၈၉,၀၀၀ လောက် ပျက်စီးထားပြီး အမေရိကန်ဒေါ်လာ ၇ ဘီလီယံလောက်အထိ စီးပွားရေးအရ တိုက်ရိုက် ထိခိုက်ဆုံးရှုံးခဲ့ပြီ ဖြစ်ပါတယ်။

ရေလွှမ်းမိုးမှုကြောင့် သေဆုံး ပျောက်ဆုံးသူ အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလကနဲ့ နှိုင်းယှဉ်ရင် ၅၃.၁ ရာခိုင်နှုန်း လျော့နည်းပေမယ့်လည်း စီးပွားရေးအရ တိုက်ရိုက်နစ်နာ ဆုံးရှုံးမှုကတော့ ၁၁.၂ ရာခိုင်နှုန်း ပိုများတယ်လို့ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း ဒေသအများအပြားမှာ ဇွန်လကတည်းက အဆက်မပြတ် မိုးရွာနေတာဖြစ်ပြီး အဲဒီဒေသတွေက မြစ်အတော်များများမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသမ်ပြည်နယ်မှာလည်း မုတ်သုံမိုး အပြင်းအထန်ရွာတာကြောင့် လူ ၇၁ ယောက်ထက်မနည်း သေဆုံးပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ် ရှိနေတဲ့ကြားမှာပဲ လူပေါင်း ၁ သန်းကျော်ဟာ ဖြစ်သလို ဆောက်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ အိန္ဒိယ ANI သတင်းဌာနကို ကိုးကားပြီး သောကြာနေ့ ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/china-flood/5507952.html
တရုတ်နိုင်ငံတဝန်း လူပေါင်း သန်း ၂၀ ကျော် ရေဘေးဒဏ်သင့်နေ တရုတ်နိုင်ငံတဝန်း လူပေါင်း သန်း ၂၀ ကျော် ရေဘေးဒဏ်သင့်နေ Reviewed by THITHTOOLWIN on 02:44 Rating: 5
Powered by Blogger.