နိုင်ငံသားစီစစ်ရေးကတ် မရသေးသူ ငါးသောင်းကျော်အတွက် ရေးမြို့နယ် လဝက ကွင်းဆင်းလုပ်ဆောင်နေ


မွန်ပြည်နယ် ရေးမြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကောက်ယူထားတဲ့ မဲစာရင်းတွေထဲမှာ လူ ငါးသောင်းကျော်ရဲ့ နိုင်ငံသားစိစစ်ရေးနေရာတွေမှာ ကွက်လပ်တွေဖြစ်နေတာကြောင့် ပြန်လည်ထည့်သွင်းနိုင်ရေး ဆောင်ရွက်သွားမယ်လို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဌာန ဦးစီးမှူးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ က ကောက်ယူထားတဲ့ မဲစာရင်းမှာ မှတ်ပုံတင်မရှိသူတွေ၊ ပျက်စီးလို့ နံပါတ်မမှတ်မိသူတွေ၊ ပြည်ပအလုပ်သွားလုပ်သူတွေ အပါအဝင် မဲစာရင်းမှာ မှတ်ပုံတင်နံပါတ်မပါသူ ၅၇၀၀၀ ကျော်ရှိခဲ့တယ်လို့ ရေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးခိုင်က ပြောပါတယ်။

ရေးမြို့နယ်ထဲမှာ နိုင်ငံခြားသွားသူတွေ၊ အခြားတိုင်းနဲ့ ပြည်နယ်တွေကို ရွှေ့ပြောင်းသူတွေလည်း ရှိနေတယ်လို့ ဦးမျိုးခိုင်က ပြောပါတယ်။

ကျန်ရှိခဲ့တဲ့ လူဦးရေစာရင်း အတိအကျရဖို့ ကွင်းဆင်းကောက်ယူပြီး ရွေးကောက်ပွဲအမှီ မဲဆန္ဒရှင် စာရင်းမှာ ထည့်သွင်းပေးနိုင်အောင် နိုင်ငံသားစိစစ်ရေးကတ်တွေ လုပ်ပေးသွားမယ်လို့ ဦးမျိုးခိုင်က ပြော ပါတယ်။

မဲသွားထည့်ဖို့အတွက် နိုင်ငံသားစီစစ်ရေးကဒ်ပြား ပြပြီးမှသာ မဲရုံထဲဝင်ခွင့်ရမှာဖြစ်ပါတယ်။
ဒီမဲစာရင်းမှာ မှတ်ပုံတင်ဖြည့်စွက်ဖို့ကျန်ရှိတဲ့လူ ငါးသောင်းကျော်နဲ့ပတ်သက်ပြီး ရေးမြိုနယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ စာကြိုတင်ဖို့လိုကြောင်း၊ ခရိုင်၊ ပြည်နယ်ရွေးကော်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်ရမှသာ ပြန်လည်ဖြေကြားလို့ရမယ်လို့ ဖြေကြားခဲ့ပါတယ်။

မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက နောက်ဆုံးကောက်ယူထားတဲ့ စာရင်းတွေအရ ရေးမြို့နယ်မှာ မဲဆန္ဒရှင် နှစ်သိန်းသုံးထောင်ကျော်ရှိပြီး ဒီရွေးကောက်ပွဲမှာစတင်ပြီး မဲပေးနိုင်မယ့်လူငယ် သုံးသောင်းကျော်တိုးလာတယ်လို့ သိရပါတယ်။

ရေးမြို့နယ်အတွင်းမှာ ကရင်နဲ့မွန်လူ တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ဒေသလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ရေးမြို့နယ်မှာ မဲရုံ (၁၁၀) ဖွင့်လှစ်ခဲ့ပြီး လာမယ့် ရွေးကောက်ပွဲမှာတော့ နောက်ထပ် (၁၇) ရုံလောက် ထပ်မံဖွင့်လှစ်သွားဖို့ လျာထားတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
နိုင်ငံသားစီစစ်ရေးကတ် မရသေးသူ ငါးသောင်းကျော်အတွက် ရေးမြို့နယ် လဝက ကွင်းဆင်းလုပ်ဆောင်နေ နိုင်ငံသားစီစစ်ရေးကတ် မရသေးသူ ငါးသောင်းကျော်အတွက် ရေးမြို့နယ် လဝက ကွင်းဆင်းလုပ်ဆောင်နေ Reviewed by THITHTOOLWIN on 19:28 Rating: 5
Powered by Blogger.