ကိုဗစ်လူနာတွေ ထားဖို့ ဖလော်ရီဒါပြည်နယ်တွင်း ဆေးရုံမလောက်ငှ

ဖလော်ရီဒါပြည်နယ် Miami မြို့ထဲ တနေရာက အိမ်ခြေယာမဲ့ လူတဦးကို COVID ရောဂါရှိမရှိ စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဧပြီ ၁၆၊ ၂၀၂၀)
အမေရိကန်ပြည်ထောင်စုမှာ COVID-19 အတည်ပြုလူနာ အရေအတွက် မြင့်တက်နေတာကြောင့် ကျန်းမာရေးဝန်ဆောင်မှုစနစ်မှာ မနိုင်မနင်းဖြစ်နေပါတယ်။ နိုင်ငံတောင်ပိုင်း Florida ပြည်နယ်ထဲမှာရှိတဲ့ ဆေးရုံ ၄၅ ခုက အထူးကြပ်မတ် ကုသဆောင်တွေမှာ လူနာသစ်အတွက် ကုတင်တွေ မရှိတော့ဘူးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Florida မှာ တနင်္ဂနွေနေ့ တရက်ထဲ အတည်ပြုလူနာ ၁၂,၀၀၀ ကျော်ပါတယ်။ ၅ ရက်ဆက်တိုက် အတည်ပြုလူနာ ၁၀,၀၀၀ ကျော်ရှိနေတာပါ။

အဆိုးဆုံးဖြစ်နေတာကတော့ Miami မြို့နားတဝိုက်မှာဖြစ်ပြီး၊ လူနာကုတင်မလောက် မငဖြစ်နေတဲ့ ဆေးရုံ ၄၅ ခုထဲက ၉ ခုဟာ Miami-Dade မြို့နယ်ထဲမှာဖြစ်ပါတယ်။ အများပြည်သူကြားသွားသူတွေ နှာခေါင်းစည်းအကာ မဝတ်ရင် ဒီနေ့ တနင်္လာနေ့ကစပြီး ပထမအကြိမ် ဒဏ်ငွေ ဒေါ်လာ ၅၀၊ နောက်အကြိမ်တွေမှာ ဒဏ်ငွေ ဒေါ်လာ ၅၀၀ အထိ ဒဏ်တပ်ဖို့ Miami မြို့တော်ဝန်က အမိန့်ထုတ်ထားပါတယ်။

နိုင်ငံအနောက်ခြမ်းက Los Angeles မြို့မှာလည်း ဒုတိယအကြိမ် အိမ်ထဲမှာပဲနေကြဖို့ အမိန့်ထုတ်ရတော့မလိုဖြစ်နေပြီလို့ မြို့တော်ဝန်ကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုတခုလုံးမှာ တနင်္ဂနွေနေ့က အတည်ပြုလူနာ ၆၃,၀၀၀ ရှိပြီး သေဆုံးသူ ၅၀၀ ကျော်ပါတယ်။ စုစုပေါင်း အတည်ပြုလူနာကတော့ ၃,၇၀၀,၀၀၀ ကျော်ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/florida-covid-us/5509574.html
ကိုဗစ်လူနာတွေ ထားဖို့ ဖလော်ရီဒါပြည်နယ်တွင်း ဆေးရုံမလောက်ငှ ကိုဗစ်လူနာတွေ ထားဖို့ ဖလော်ရီဒါပြည်နယ်တွင်း ဆေးရုံမလောက်ငှ Reviewed by THITHTOOLWIN on 18:00 Rating: 5
Powered by Blogger.