ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူများ ဇူလိုင်(၂၁)ရက်တွင် စတင်ဖြန့်ဝေမည်

ဓာတ်ပုံ-မြန်မာနိုင်ငံတော်ဗဟိုဘဏ်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါရှိတဲ့ ငါးရာကျပ်တန်ငွေစက္ကူတွေကို ဒီကနေ့ ဇူလိုင်လ(၁၉)ရက် စတင်ထုတ်ဝေလိုက်ပြီဖြစ်ပါတယ်။

ဒီကနေ့နဲ့ မနက်ဖြန်ဟာ အစိုးရရုံးပိတ်ရက်ဖြစ်နေတဲ့အတွက် ရုံးတွေပြန်ဖွင့်မယ့် ဇူလိုင်လ(၂၁)ရက်မှ အများပြည်သူလက်ထဲ ရောက်ရှိမှာဖြစ်တယ်လို့ စီမံကိန်းနှင့်ဘဏာရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးယဉ်ဇော်မျိုးက ပြောပါတယ်။

"ဒီနေ့ထုတ်တယ်ဆိုတာက ဒီ၁၉ရက်နေ့ပေါ့နော်။ဒီနေ့ကရုံးပိတ်ရက်နေ့ဆိုတော့ ဘဏ်မှမဖွင့်တာ။ဖွင့်လို့မှမရတာ။ ဘဏ်ဖွင့်မှပဲပေးကြတာပေါ့နော်။အစိုးရဘဏ်ရော ပုဂ္ဂလိကဘဏ်တွေမှာပေးမှာပေါ့နော်”လို့ မြန်မာ့စီးပွားရေးဘဏ်၊ဦးဆောင်ညွှန်ကြားရေးမှူး ဦးယဉ်ဇော်မျိုးကဆိုပါတယ်။

အစိုးရရုံးဖွင့်ရက်ဖြစ်တဲ့ ဇူလိုင်လ(၂၁)ရက်နေ့မှာ မြန်မာ့စီးပွားရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေကနေ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါရှိတဲ့ ငါးရာကျပ်တန်ငွေစက္ကူအသစ်ကို စတင်လဲလှယ်ပေးသွားမှာပါ။

အဲဒီဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ငွေစက္ကူတွေ အများပြည်သူလက်ထဲမှာ တွင်တွင်ကျယ်ကျယ် မြင်တွေ့ချင်တဲ့အတွက် ပုဂ္ဂလိကဘဏ်တွေအနေနဲ့လည်း လဲလှယ်ပေးသွားဖို့ရှိတယ်လို့ CB Bankရဲ့ အကြံပေး ဦးဖေမြင့်ကပြောပါတယ်။

"ပိတ်ရက်ဖြစ်တော့ ကျွန်တော်တို့ ၂၁ရက်ကျမှ ဘဏ်တွေကစပြီးတော့ ထုတ်ပေးမှာပေါ့။လောလောဆယ် မြန်မာ့စီးပွားရေးဘဏ်တို့ကသူတို့ပို့ပြီးသားပါ။ ဖွင့်ရက်မှာထုတ်ပေးပါလိမ့်မယ်။ဆိုလိုချင်တာက ပြည်သူ့ လက်ထဲရောက်စေချင်တယ်။သူကသုံးချင်တာပေါ့ဗျာ။အချို့တွေကသိမ်းတဲ့သူလည်းရှိတာပေါ့။သုံးတဲ့လူကလည်း သုံးသိမ်းတဲ့သူကလည်းသိမ်း။သိမ်းတဲ့ကတော့နည်းပါတယ်။လောလောဆယ်တော့အများကြီးထုတ်ပေးလို့ ရမှာမဟုတ်သေးဘူး။အချို့တွေကစုဆောင်းဖို့ဘာဖို့လုပ်ကြတာရှိတယ်”လို့ ဦးဖေမြင့်ကဆိုပါတယ်။

လက်ရှိဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန်ငွေစက္ကူမထုတ်ခင် အရင်ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တစ်ထောင်ကျပ်တန်ငွေစက္ကူထုတ်ခဲ့ချိန်ကလည်း ဇန်နဝါရီ(၄)ရက်မှာထုတ်ဝေပေးခဲ့ပေမယ့် အစိုးရရုံးပိတ်ရက် ခံနေတဲ့အတွက် ဇန်နဝါရီလ (၇)ရက်‌နေ့ရောက်မှသာ အများပြည်သူလက်ထဲရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူသစ်တွေကို နောက်ပိုင်းမှာလည်း ဆက်လက်ထုတ်ဝေသွားဖို့ရှိတယ်လို့ ဦးယဉ်ဇော်မျိုးကဆိုပါတယ်။

သတင်း-သူသူထက်လွင်  / One News Myanmar
https://www.facebook.com/onenewsmyan
ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူများ ဇူလိုင်(၂၁)ရက်တွင် စတင်ဖြန့်ဝေမည် ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူများ ဇူလိုင်(၂၁)ရက်တွင် စတင်ဖြန့်ဝေမည် Reviewed by THITHTOOLWIN on 22:41 Rating: 5
Powered by Blogger.