ကိုဗစ်- ကုလားအုပ်ရဲ့ ကိုယ်ခံအားစနစ်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုထုံးတစ်ခု ဖန်တီး

သိပ္ပံပညာရှင်တွေက ကုလားအုပ်ဆီက ပြောင်းလဲလာတဲ့ အထူး ပဋိပစ္စည်းကို အသုံးပြုပြီး ကိုယ်ခံအားစနစ် မြင့်လာအောင် လုပ်နိုင်မယ့် ကုထုံးကို လေ့လာနေကြတာပါ။
ယူကေနိုင်ငံ ရယ်ဒင်းမြို့မှာ ဆေးသုတေသနအတွက် မွေးထားတဲ့ ကုလားအုပ်ငယ်ကလေး ဖီဖီရဲ့ ကိုယ်ခံအားစနစ်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုထုံးတစ်ခု ဖန်တီးဖို့ စံနမူနာ ဖြစ်ခဲ့ပါတယ်။

ယူကေနိုင်ငံ Rosalind Franklin Institute သုတေသနဌာနရဲ့ သိပ္ပံပညာရှင်တွေက ဖီဖီဆီက ပြောင်းလဲလာတဲ့ အထူး ပဋိပစ္စည်းကို အသုံးပြုပြီး ကိုယ်ခံအားစနစ် မြင့်လာအောင် လုပ်နိုင်မယ့် ကုထုံးကို လေ့လာနေကြတာပါ။

သူတို့ရဲ့ လေ့လာတွေ့ရှိချက်ကို Nature Structure and Molecular Biology ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

ဒီလေ့လာချက်ဟာ အထိုက်အလျောက်အားဖြင့်လည်း သေးငယ်ပြီး လူတွေရဲ့ သွေးထဲမှာရှိတဲ့ ပဋိပစ္စည်းထက် အများကြီး ပိုရိုးရှင်းတဲ့ ကုလားအုပ်ရဲ့ ပဋိပစ္စည်းကို ပြန်တည်ဆောက်ကြည့်တာပါ။

ကုလားအုပ်ရဲ့ ပဋိပစ္စည်းက အရွယ်အစားရော ဖွဲ့စည်းတည်ဆောက်ပုံပါ သေးငယ်တဲ့အတွက် ဓာတ်ခွဲခန်းထဲမှာ ပြန်ဒီဇိုင်းဆွဲ လေ့လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနည်းဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုစားရာမှာ အံဝင်တဲ့ သော့တစ်ခု ရအောင် ဖန်တီးဖို့ ဖြစ်တယ်လို့ Rosalind Franklin Institute ဌာနရဲ့ ညွှန်ကြားရေးမှူး ထိပ်တန်းသုတေသီ ပါမောက္ခ ဂျိမ်းမ်စ် နိုင်းစမစ်က ဆိုပါတယ်။

သော့ပေါက်ထဲ အံမဝင်မချင်း သော့ကို ဖြတ်ရသလိုပဲ ကိုရိုနာဗိုင်းရပ်စ် ကုနိုင်တဲ့ ဆေး ရဖို့ ရုပ်ကလာပ်ပိုင်းဆိုင်ရာ ဇီဝဗေဒနည်းကို သုံးပြီး ကုလားအုပ်ရဲ့ ပဋိပစ္စည်းကို ပြန်ဖွဲ့စည်းတည်ဆောက်လေ့လာသွားမယ်လို့ ဆိုပါတယ်။

လိုက်လျောညီထွေ ဖြစ်စေတဲ့ ကိုယ်ခံအားစနစ်မှာ ပဋိပစ္စည်းတွေက တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။ ပဋိပစ္စည်းတွေဟာ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ ဗိုင်းရပ်စ်တို့၊ ဘက်တီးရီးယားတို့ကို ပြန်တုံ့ပြန်ဖို့ အသွင်ပြောင်းသွားတတ်တဲ့ ရုပ်ကလာပ်စည်းတွေ ဖြစ်ကြပါတယ်။

"ရောဂါ နောက်တစ်ခေါက် ထပ်ကူးပြီ ဆိုရင် ဗိုင်းရပ်စ်အပိုင်းအစတွေမှာ ကပ်နေတဲ့ ပဋိပစ္စည်းတွေကို လူ့ခန္ဓာကိုယ်က လိုက်ရှာပါတယ်" လို့ ပါမောက္ခ နိုင်းစမစ် က ရှင်းပြပါတယ်။
သုတေသီတွေက အသေးငယ်ဆုံး ပဋိပစ္စည်းငယ်လေးတွေကို အခုနွေရာသီကျရင် တိရစ္ဆာန်တွေမှာ စမ်းသပ်ကြည့်ဖို့ ရည်ရွယ်ထား
သုတေသီတွေက ဓာတ်ခွဲခန်းတွေထဲမှာ သူတို့ ပြန်တည်ဆောက်ခဲ့တဲ့ အသေးငယ်ဆုံး ပဋိပစ္စည်းငယ်လေးတွေကို အခုနွေရာသီကျရင် တိရစ္ဆာန်တွေမှာ စမ်းသပ်ကြည့်ဖို့ ရည်ရွယ်ထားပါတယ်။

ဒီ ကိုယ်ခံအားစနစ် ကုထုံးမျိုးဟာ ဗိုင်းရပ်စ်နဲ့ တွေ့ထားပြီးသား ပဋိပစ္စည်း ရှိနေတဲ့ လူနာတစ်ဦးရဲ့ ကိုယ်ခံအားစနစ်ကို ပိုကောင်းလာစေမှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကနေ လတ်တလော ပြန်နာလန်ထူလာတဲ့ လူတွေဆီက ယူထားတဲ့ ပဋိပစ္စည်း ကြွယ်ဝတဲ့ သွေးရည်ကြည်တွေကို ရောဂါကုရာမှာ အသုံးပြုနိုင်တယ် ဆိုတဲ့ အထောက်အထားမျိုးကတော့ တွေ့ထားပြီးသားပါ။ ဒါပေမယ့် အခု ဒီကုလားအုပ်ရဲ့ ပဋိပစ္စည်း ကုနည်းရဲ့ အရေးပါတဲ့ အချက်ကတော့ ကိုရိုနာဗိုင်းရပ်စ် အထူးပြု ပဋိပစ္စည်းကို သိပ္ပံပညာရှင်တွေ ထုတ်လုပ်ပေး နိုင်လာတော့မယ့် အချက်ပဲ ဖြစ်ပါတယ်။

"ဓာတ်ခွဲခန်းထဲမှာ သိပ္ပံပညာရှင်တွေ ပြန်တည်ဆောက်ထားတဲ့ ကုလားအုပ်ရဲ့ပဋိပစ္စည်း အစိတ်အပိုင်းအသေးလေးတွေက ဗိုင်းရပ်စ်တွေကို အကြီးအကျယ် သတ်နိုင်စွမ်းရှိပြီး အရင်လေ့လာတွေ့ရှိထားချက် အားလုံးနီးပါးထက် ပိုကောင်းတာ တွေ့ရပါတယ်"

"အဲဒီ ပဋိပစ္စည်းလေးတွေဟာ ဗိုင်းရပ်စ်ပိုး သတ်ရာမှာ အံ့မခန်းလောက်အောင် အစွမ်းထက်တယ်"လို့ ပါမောက္ခ နိုင်းစမစ်က ပြောပါတယ်။

အဲဒီ သေးငယ်တဲ့ ပဋိပစ္စည်းလေးတွေဟာ တွယ်ကပ်နိုင်စွမ်း ရှိပြီး ဗိုင်းရပ်စ်ပိုးရဲ့ အပြင်ဘက် ဆူးချွန်တွေမှာ သွားကပ်လိုက်နိုင်တဲ့အတွက် အဲဒီဆူးချွန်တွေဟာ လူ့ကိုယ်ခန္ဓာတွင်းက ဆဲလ်တွေထဲ ထိုးဖောက် ဝင်ရောက်နိုင်တော့မှာ မဟုတ်ပါဘူး။

"လူ့ကိုယ်ခန္ဓာထဲမှာ ကိုယ်ခံအားစနစ်တွေ လည်ပတ်တဲ့ပုံစံအတိုင်း ဓာတ်ခွဲခန်းထဲမှာ လေ့လာစမ်းသပ်နေတာပါ။ ဒါကို အမြန်ဆုံး လုပ်နိုင်မှာပါ။ တကယ်လို့ ဗိုင်းရပ်စ်က ရုတ်တရက် ပုံပြောင်းသွားမယ် ဒါမှမဟုတ် ဗိုင်းရပ်စ်အသစ်တစ်ခု ပေါ်လာမယ် ဆိုရင် ဓာတ်ခွဲခန်းထဲမှာ ပဋိပစ္စည်းငယ် အသစ်တွေ ပြန်တည်ဆောက်ပြီး လေ့လာနိုင်ပါလိမ့်မယ်"လို့ ပါမောက္ခ နိုင်းစမစ်က ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-53463080
ကိုဗစ်- ကုလားအုပ်ရဲ့ ကိုယ်ခံအားစနစ်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုထုံးတစ်ခု ဖန်တီး ကိုဗစ်- ကုလားအုပ်ရဲ့ ကိုယ်ခံအားစနစ်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကုထုံးတစ်ခု ဖန်တီး Reviewed by THITHTOOLWIN on 22:36 Rating: 5
Powered by Blogger.