ကိုဗစ်အကန့်အသတ်ကြား အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနား ကျင်းပ

၇၃ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချနေတဲ့ မြန်မာနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ လွှတ်တော်ဥက္ကဋ္ဌများနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ (ဇူလိုင် ၁၉၊ ၂၀၂၀။ ဓာတ်ပုံ - MOI)
ဒီကနေ့ကျရောက်တဲ့ ၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်နေချိန်နဲ့မို့ အရင်နှစ်တွေနဲ့မတူဘဲ လူစုလူဝေး ကန့်သတ်ချက် Social Distancing ကျန်းမာရေး စည်းကမ်းချက်တွေနဲ့ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။
၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ လွမ်းသူ့ပန်းခွေချနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဇူလိုင် ၁၉၊ ၂၀၂၀။ ဓာတ်ပုံ - MOI)
လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီး ၉ ဦး ကျဆုံးခဲ့ရတဲ့ နှစ်ပေါင်း ၇၃ နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပနေတာ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ လွှတ်တော်အရပ်ရပ်က ဥက္ကဋ္ဌတွေနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက် ဂါရဝပြုခဲ့ကြပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအဖြစ် မိသားစုအနေနဲ့ တက်ရောက်ဂါရဝပြုပြီး အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးဖြစ်တဲ့ မိသားစုဝင်တွေကလည်း အသီးသီး လာရောက် ဂါရဝပြုကြပါတယ်။

ဒီနှစ် ၂၀၂၀ ခုနှစ်မှာ ကျရောက်တဲ့ ၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာတော့ ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေချိန်နဲ့ တိုက်ဆိုင်တာကြောင့် ကူးစက်မှုကို ကာကွယ်တဲ့အနေနဲ့ အခမ်းအနား တက်ရောက်လာသူတိုင်း မျက်နှာဖုံး နှာခေါင်းစည်းတွေ တပ်ဆင်ကြရသလို လူစုလူဝေးနဲ့ စုဝေးမှုတွေကို ကန့်သတ်ထားပြီး တဦးနဲ့တဦးကြား သတ်မှတ်ချက်နဲ့အညီ ခပ်ခွာခွာနေတဲ့ Social Distancing ကျန်းမာရေး စည်းကမ်းချက်တွေနဲ့အတူ အခမ်းအနားကျင်းပဖို့ တာဝန်ယူထားသူတွေ အခမ်းအနား တက်ရောက်သူတွေကိုလည်း COVID-19 ဆိုင်ရာ ဆေးစစ်ဆေးမှုတွေနဲ့ အခမ်းအနား မကျင်းပခင်မှာရော အခမ်းအနား ကျင်းပပြီးနောက်မှာရော ရက်အကန့်အသတ်တွေနဲ့ သီးခြားခွဲ နေထိုင်ကြရမှာလည်း ဖြစ်ပါတယ်။

အာဇာနည်ဗိမာန်မှာ ကျင်းပခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားကို ကိုယ်တိုင်တက်ရောက် လွမ်းသူ့ပန်းခွေချ အလေးဂါရဝပြုခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းလည်းဖြစ် ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတခုဖြစ်တဲ့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ဒီနှစ် အာဇာနည်နေ့ အခမ်းအနား ထူးခြားချက်တွေနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

“ဒီနှစ် အာဇာနည်နေ့ဟာ COVID-19 ရောဂါကာကွယ်ရေး ထိန်းချုပ်ရတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတဲ့ အခါကျတော့ ပါတီတခု ၂ ဦး စာရင်းပေးရတယ်။ သွားတော့လည်း ကားပေါ်မှာလည်း ထိုင်စောင့်ပြီးတော့ သူတို့ခေါ်တဲ့ အချိန်ကျမှ သွားပြီး ကိုယ့်ရဲ့ပန်းခွေ ပန်းခြင်းကိုတော့ တရက်ကြိုပြီးတော့ ပေးထားရတယ်။ အဲ့ဒါကို ပန်းခွေချ အလေးပြု ကိုယ့်ကားပေါ် ကိုယ်ပြန်တက်ကြရတယ်။ ဒါကတော့ ဒီနှစ် အာဇာနည်နေ့တက်ရတဲ့ ထူးခြားတဲ့ အတွေ့အကြုံပါခင်ဗျ။ အာဇာနည် ခေါင်းဆောင်ကြီးတွေဟာ ကျနော်တို့အတွက် သင်ခန်းစာတွေ အများကြီး ချန်ထားခဲ့တယ်လို့ ခံစားရပါတယ်။

“ဗိုလ်ချုပ်အောင်ဆန်းတို့ကို နိုင်ငံရေး အကြမ်းဖက်တဲ့နည်းနဲ့ ဖြေရှင်းခဲ့တဲ့ အတွက်ကြောင့် ဖြေရှင်းသူတွေလည်း ဘာနိုင်ငံရေး အကျိုးအမြတ်မှ မရဘဲ အခုအချိန်အထိ နိုင်ငံတော်ကို လုပ်ကြံတဲ့အမှုနဲ့ ကြိုးပေးခံခဲ့ရတယ်။ တိုင်းပြည်မှာလည်း လှေလှော်တုန်း တက်ကျိုးဆိုသလို တတိုင်းပြည်လုံးအတွက် ခေါင်းဆောင်ကြီးတွေ လုပ်လက်စအလုပ်တွေပါ တန့်သွားခဲ့ရတယ်။ သို့သော်လည်းပဲ ခေါင်းဆောင်တွေ ကျဆုံးသွားခဲ့ပေမယ့် သူတို့ရဲ့ ခေါင်းဆောင်မှုက ကျန်ခဲ့တဲ့အတွက် လွတ်လပ်ရေးကို ရယူနိုင်ခဲ့တယ်။ အခု ၇၃ နှစ် ဖြစ်လာခဲ့တဲ့အချိန်မှာ ဘေးအိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ရင် အများကြီး တိုးတက်သင့်ပါလျက်နဲ့ ပြည်တွင်းပဋိပက္ခတွေ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သူများနဲ့ မယှဉ်နိုင်တဲ့ အခြေအနေ ရောက်နေတာကို သင်ခန်းစာယူသင့်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။”
၇၃ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လွမ်းသူ့ပန်းခွေချနေတဲ့ မြန်မာနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ လွှတ်တော်ဥက္ကဋ္ဌများနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ (ဇူလိုင် ၁၉၊ ၂၀၂၀။ ဓာတ်ပုံ - MOI)
NLD အရပ်သားအစိုးရလက်ထက် ဒီနှစ် ၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာလည်း နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်အသီးသီးက ဥက္ကဋ္ဌတွေနဲ့အတူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် တက်ရောက်ခဲ့တဲ့အပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ဒီနိုင်ငံခေါင်းဆောင်တွေ အနေနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ လိုလားတောင့်တတဲ့ မျှော်မှန်းချက်တွေ ပြည့်မီနိုင်ရေး အားထုတ်ကြိုးပမ်းသင့်တယ်လို့ သူ့သုံးသပ်ချက်အမြင် ပြောပြပါတယ်။

“ဒီနှစ် အာဇာနည်နေ့မှာပေါ့လေ အစိုးရပိုင်းကရော လွှတ်တော်ပိုင်းကရော တပ်မတော်ပိုင်းကရော အကြီးအကဲတွေ စုံစုံညီညီ တက်ရောက်တာဟာ ဒါက ကောင်းတဲ့လက္ခဏာတရပ်လို့ မြင်ပါတယ်။ နောက်တခုက ဒီနှစ်က ရွေးကောက်ပွဲလုပ်မယ့်နှစ် ဖြစ်တဲ့အခါကျတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး သမိုင်းအတွက်လည်း အရေးကြီးတဲ့ နှစ်တနှစ်လို့ ပြောလို့ရတယ်။ သို့သော်လည်း ဒီနှစ်မှာ COVID-19 ကပ်ရောဂါကြီးကလည်း ဖြစ်နေတဲ့အခါကျတော့ အကျဉ်းချုံးပြီး လုပ်ရတဲ့ သဘောမျိုးတွေလည်း တွေ့ရတယ်။

“အာဇာနည်နေ့အပေါ် ကျနော့်အမြင်ကတော့ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ လမ်းစဉ်နဲ့ ဗိုလ်ချုပ်အောင်ဆန်း ထားခဲ့တဲ့ ရည်မှန်းချက်တွေ ပြည့်မီအောင်ဆိုရင် ဒီ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေက ဖော်ဆောင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ်မှာ ကိုယ်တိုင်လက်မှတ်ထိုးခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့် ဒီအခွင့်အလမ်းတွေကို တင်းပြည့်ကျပ်ပြည့် အာမခံချက်ပေးပြီးတော့ အပ်နှင်းနိုင်မယ့် အခြေခံကောင်းတွေကို ဒီအာဇာနည်နေ့ လာတက်တဲ့ လွှတ်တော်ခေါင်းဆောင်တွေ အစိုးရခေါင်းဆောင်တွေ တပ်မတော်ခေါင်းဆောင်တွေ ဆွေးနွေးပြီးတော့ အုတ်မြစ်ချသင့်တယ်လို့ မြင်ပါတယ်။”

မြန်မာပြည်သူ တရပ်လုံးက အာဇာနည်နေ့ရောက်တိုင်း ဝမ်းနည်းကြေကွဲစွာနဲ့ ကျင်းပကြပေမယ့်လို့ တိုင်းရင်းသားတွေကြားမှာ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေ ဗိုလ်ချုပ်ပေးခဲ့တဲ့ ပင်လုံကတိကဝတ်တွေကို အကောင်အထည် ဖော်ဖို့လည်း လိုတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ရှမ်းပြည်နယ် သီပေါမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက အခုလိုပြောပါတယ်။

“ဒီနေ့လိုနေ့မှာ ဗိုလ်ချုပ်တို့ ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးသွားတာကို လွမ်းဆွတ်တမ်းတတဲ့ အနေနဲ့ အထိမ်းအမှတ်ပြုရုံ လွမ်းသူ့ပန်းခွေ သွားချရုံ မဟုတ်ဘဲနဲ့ ဗိုလ်ချုပ်တို့ပေးသွားတဲ့ ပင်လုံကတိကဝတ်တွေကို ဖြည့်ဆည်းပေးဖို့၊ အထူးသဖြင့်တော့ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ပေါ့ ရောက်အောင်ချီတက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ တိုင်းရင်းသားတွေနဲ့အတူ ကြိုးစားကြမယ်ဆိုတဲ့ နိုင်ငံရေးအရ လုပ်ပေးနိုင်လို့ ရှိရင်တော့ ပိုပြီးတော့ သင့်လျော်လိမ့်မယ်လို့ ကျနော်က ထင်ပါတယ်။ ပြည်ထောင်စုကြီးကို တည်တံ့စေချင်တယ်၊ ပင်လုံကတိကဝတ်တွေကို ဖြည့်ဆည်းချင်တယ်ဆိုတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အနေနဲ့က အကောင်အထည်ပေါ်အောင် ကြိုးစားမယ်ဆိုတဲ့ ကတိကဝတ်နဲ့ သန္နိဋ္ဌာန်က အရေးတကြီးအချက်လို့ ထင်ပါတယ်။”

အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတဲ့ မနက် ၁၀ နာရီ ၃၇ မိနစ် အချိန်မှာလည်း ပြည်သူတွေကနေ မိမိတို့ရောက်ရှိနေတဲ့ နေရာတွေကနေ ငြိမ်သက်စွာရပ်ပြီး အလေးဂါရဝ ပြုကြသလို မော်တော်ယာဉ်တွေကလည်း အဆက်မပြတ် ဟွန်းတီးပြီး ဝမ်းနည်းကြောင်း အထိမ်းအမှတ် ပြသခဲ့ကြပါတယ်။ ပြည်သူတွေအနေနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အခုချိန်အထိ အလေးဂါရဝ ပြုနေကြဆဲ အနေအထားကတော့ ဂုဏ်ယူစရာ ဖြစ်ပါတယ်လို့ သတင်းစာဆရာ ကိုသီဟသွေးက သုံးသပ်ပါတယ်။

“၁၀ နာရီ ၃၇ မိနစ် ဗိုလ်ချုပ်တို့ ကျဆုံးတဲ့အချိန်မှာ ကားတွေ လူတွေက ရောက်တဲ့နေရာကနေ ရပ်ပြီး ဟွန်းတီးတဲ့ကိစ္စက လူတွေစိတ်ထဲမှာ အာဇာနည်တွေအပေါ် အများကြီးကျန်သေးတယ်။ ဒီကနေ့လို COVID-19 ကာလ အကန့်အသတ်တွေနဲ့ နေတဲ့အချိန်တောင် ပြည်သူတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ရောက်တဲ့နေရာကနေ ဂါရဝပြုကြတယ် ဆိုတာ အားရမိတယ်။ ခေါင်းဆောင်တွေ မျှော်မှန်းထားတဲ့ အိပ်မက်တွေ တကယ်ဖြစ်လာပြီး ကျနော်တို့မျိုးဆက်အလိုက် နားလည်မှုတွေ တည်ဆောက်ထားနိုင်မယ်ဆိုရင် မျိုးဆက်သစ်တွေ လက်ဆင့်ကမ်းပြီး အမြဲတမ်း အားလုံးပါဝင်တဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ဖို့လည်း လိုပါတယ်။ ဒါမှ နိုင်ငံအတွက် ကောင်းတဲ့အပြောင်းအလဲတွေ ဆက်သွားနိုင်မှာပါ။”

ဒီနှစ်မှာတော့ အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို အများပြည်သူ တက်ရောက်ဂါရဝပြုခွင့်ကို ကန့်သတ်ထားသလို COVID-19 ကာလ ဖြစ်တဲ့အတွက် အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတဲ့ ရန်ကုန်မြို့ အတွင်းဝန်ရုံး အရင်ဝန်ကြီးများရုံးမှာ တည်ရှိတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့အခန်း တိုင်းပြုပြည်ပြု အစည်းအဝေးခန်းမ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ရန်ကုန်နဲ့ ဗိုလ်ချုပ်အောင်ဆန်း နတ်မောက်က နေအိမ်တို့ကို အရင်နှစ်တွေကလို အများပြည်သူများကို ဝင်ရောက်ကြည့်ရှုခွင့် မပြုဘဲ ပိတ်ထားပေမယ့် အွန်လိုင်းကနေတဆင့် အများပြည်သူ ကြည့်ရှုနိုင်အောင် ဝက်ဘ်ဆိုက် စာမျက်နှာတွေကတဆင့် လေ့လာနိုင်အောင်လည်း စီစဉ်ပေးထားပြီး ၇၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ရည်စူး ဆွမ်းကပ်လှူတာတွေကိုလည်း နိုင်ငံနဲ့အဝန်း ပြုလုပ်ကျင်းပခဲ့ကြပါတယ်။

မဆုမွန်  / ဗွီအိုအေ ( မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-martyr-day/5508676.html
ကိုဗစ်အကန့်အသတ်ကြား အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနား ကျင်းပ ကိုဗစ်အကန့်အသတ်ကြား အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနား ကျင်းပ Reviewed by THITHTOOLWIN on 22:29 Rating: 5
Powered by Blogger.