ကိုရိုနာဗိုင်းရပ်စ်- အိန္ဒိယမှာ ကိုဗစ် ကူးစက်သူ တစ်သန်းကျော်ပြီ

အိန္ဒိယမှာ လတ်တလော သီတင်းပတ်တွေအတွင်း ရောဂါပိုး စမ်းသပ်စစ်ဆေးမှုတွေ တိုးလုပ်လာခဲ့
အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၃၅၀၀၀ နီးပါး စံချိန်တင် ထပ်တွေ့ခဲ့ပြီး အခုအခါ ရောဂါ ကူးစက်ခံထားရသူ စုစုပေါင်း တစ်သန်းကျော်သွားပြီ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ အမေရိကန်နဲ့ ဘရာဇီး ပြီးရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တတိယ အများဆုံးနိုင်ငံ ဖြစ်ပြီး ဒီသုံးနိုင်ငံဟာ လောလောဆယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ တစ်သန်းကျော် စံချိန်တင်ထားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

ရောဂါကနေ ပြန်နာလန်ထူလာတဲ့နှုန်းကများပြီး သေဆုံးသူနှုန်းက နည်းပါးလို့ လောလောဆယ် ရောဂါဖြစ်ပွားနေဆဲသူ အရေအတွက်က ကူးစက်သူ စုစုပေါင်းရဲ့ သုံးပုံတစ်ပုံရှိနေပါတယ်။

ဒါပေမဲ့ တကယ်တမ်းမှာ သေဆုံးသူ အရေအတွက်က မြင့်တက်လာနေတာပါ။ အိန္ဒိယမှာ သေဆုံးသူ စုစုပေါင်း ၂၅၆၀၂ ဦး ရှိနေပြီး ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု အများဆုံး အဆင့်ရှင့်မှာရှိနေပါတယ်။

နိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်ဟာ ရောဂါကူးစက်သူပေါင်း ၂၈၀၀၀ ကျော် ရှိနေပြီး ပြည်နယ်အားလုံးထဲမှာ ရောဂါ ဖြစ်ပွားမှုအများဆုံး ပြည်နယ်အဖြစ် ဆက်ရှိနေဆဲပါ။

ဒါပေမယ့် ရောဂါကူးစက်မှု များတဲ့နေရာသစ်တွေ ထပ်ပေါ်လာနေပြီး နိုင်ငံ တောင်ပိုင်းက ကာနာတာကာပြည်နယ်၊ အန်ဒရာပရာဒက်ရှ်ပြည်နယ်၊ အရှေ့ပိုင်းက ဘီဟာ၊ အနောက်ဘင်္ဂလား ပြည်နယ်တွေမှာ နေ့စဉ် ရောဂါကူးစက်မှုနှုန်းတွေ တဟုန်ထိုးတိုးလာနေပါတယ်။

အိန္ဒိယမှာ ပထမဆုံး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာကို ဇန်နဝါရီလကုန်လောက်မှာမှ တွေ့ခဲ့တာ ဖြစ်ပေမဲ့လည်း ကပ်ရောဂါက တဖြည်းဖြည်းချင်း နေရာယူလာခဲ့ပါတယ်။ ရောဂါဒဏ်ကို အတိုင်းအတာတစ်ခုအထိ အချိန်မီ ကာကွယ်ခဲ့နိုင်တာဟာ မတ်လမှာ နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ အားလုံး ရပ်ဆိုင်းပစ်ဖို့နဲ့ နှစ်လနီးပါး ကြာခဲ့တဲ့ လော့ခ်ဒေါင်း ကန့်သတ်မှုတွေချမှတ်ဖို့ အစိုးရက စောစောစီးစီး ဆုံးဖြတ်ခဲ့တဲ့အတွက် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆနေကြပါတယ်။

ဒါပေမယ့် ဒီကန့်သတ်မှုတွေကြောင့် စီးပွားရေး ထိခိုက်မှုတွေ ဖြစ်ခဲ့ရပါတယ်။ ဇွန်လကုန်ပိုင်းမှာ လော့ခ်ဒေါင်းတွေ ပြန်ဖွင့်တဲ့အခါမှာတော့ ရောဂါ စစ်ဆေးစမ်းသပ်မှုတွေ တိုးလုပ်လာခဲ့ရာမှာ ရောဂါပိုးတွေ့သူ အရေအတွက်လည်း အလျင်အမြန် များလာခဲ့ပါတယ်။

မြို့ကြီးတချို့မှာ လော့ခ်ဒေါင်းတွေ ပြန်လုပ်နေရ

အိန္ဒိယနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အရေအတွက်အကြောင်း

ဘီဘီစီ သတင်းထောက် အပါနာ အလူရီ နဲ့ ရှာဒက် နက်ဇ်မီ

ကမ္ဘာ့လူဦးရေ ဒုတိယအများဆုံး ဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ လူအတော်များများဟာ မြို့ကြီးတွေမှာ စုပြုံပြွတ်သိပ် နေထိုင်နေတဲ့အတွက် ရောဂါကူးစက်မှုများတဲ့ နိုင်ငံတစ်ခု ဖြစ်လာနိုင်ခြေများတာပါ။

လူဦးရေများတဲ့ နေရာတွေက ရောဂါကူးစက်မှု တကယ့် အတိုင်းအတာကို အသေအချာ မသိရပေမဲ့ အိန္ဒိယနိုင်ငံမှာတော့ လတ်တလော သီတင်းပတ်တွေအတွင်း ရောဂါ စစ်ဆေးစမ်းသပ်မှုတွေ တိုးလုပ်လာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ရောဂါကူးစက်မှု ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့အတွက် လူတွေကို ရောဂါ စစ်ဆေးစမ်းသပ်မှုတွေ အလုံအလောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးပါဘူး။

ဒီအတောအတွင်းမှာပဲ အထူးသဖြင့် ရောဂါဒဏ် အဆိုးဆုံး ခံရတဲ့ နိုင်ငံတချို့နဲ့ ယှဉ်ကြည့်ရင် အိန္ဒိယနိုင်ငံမှာ ရောဂါကနေ ပြန်နာလန်ထူလာမှုနှုန်း မြင့်တက်နေပြီး သေဆုံးမှုနှုန်းက နည်းပါးနေပါတယ်။ ဒါဟာ သိပ္ပံပညာရှင်တွေကို စဉ်းစားမရ ဖြစ်စေပါတယ်။

ဒါပေမယ့် အထူးသဖြင့် ပြည်နယ်တွေ တစ်ဝန်းမှာ ရောဂါစစ်ဆေးစမ်းသပ်မှု အချက်အလက်တွေ ရှေ့နောက်မညီတဲ့အတွက် တခြား ကိန်းဂဏန်းအရေအတွက်တွေနဲ့ ပတ်သက်လို့ မေးခွန်း ထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒါက အရမ်းအဆိုးတွေချည်း မဟုတ်ဘူးလို့ ပြောနေပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-53446858
ကိုရိုနာဗိုင်းရပ်စ်- အိန္ဒိယမှာ ကိုဗစ် ကူးစက်သူ တစ်သန်းကျော်ပြီ ကိုရိုနာဗိုင်းရပ်စ်- အိန္ဒိယမှာ ကိုဗစ် ကူးစက်သူ တစ်သန်းကျော်ပြီ Reviewed by THITHTOOLWIN on 00:26 Rating: 5
Powered by Blogger.