တရုတ်စီးပွားရေးထိုးကျသွားရာက ပြန်ထောင်တက်

တရုတ်စက်ရုံတစ်ရုံ
ကိုဗစ်လော့ဒါင်းတွေကြောင့် ထိုးကျသွားတဲ့ တရုတ်စီးပွားရေးဟာ ဒီနှစ်ရဲ့ ဒုတိယသုံးလပတ်ကာလမှာ ၃ ဒသမ ၂ ရာနှုန်း ပြန်တက်လာပါတယ်။

ကမ္ဘာ့ဒုတိယအကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံစီးပွားရေးဟာ ဒီနှစ်ရဲ့ ပထမသုံးလပတ်ကာလဖြစ်တဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတွေမှာ ကိုရိုနာလော့ဒေါင်းကြောင့် ထိုးကျသွားခဲ့ပါတယ်။

ဒါပေမဲ့ ဇူလိုင် ၁၅ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ တရုတ်ရဲ့ ပြည်တွင်းထုတ်ကုန်တန်ဖိုးဟာ ဧပြီ၊ မေ၊ ဇွန်လတွေ အတွင်းမှာ ပြန်တက်လာတာ တွေ့ရပါတယ်။

တရုတ်ကစီးပွားရေး ပြန်လည် စတင်လည်ပတ်စဥ်မှာ တကမ္ဘာလုံးက အခြေအနေ စောင့်ကြည့်နေစဥ် ကိန်းဂဏန်းတွေ ကြေညာလိုက်တာ ဖြစ်ပါတယ်။

ကိန်းဂဏန်းတွေဟာ ပညာရှင်တွေ ခန့်မှန်းထားတာထက်ပိုများနေပါတယ်။ ပြန်တက်လာတာကို ဂရပ်မှာကြည့်ရင် အင်္ဂလိပ်အက္ခရာ ဗီပုံသဏ္ဍန်တွေ့ရပါတယ်။ အဓိပ္ပာယ်ကတော့ ထိုးကျသွားသလို ပြန်ပြီး ထိုးတက်လာတယ်ဆိုတဲ့ သဘောပါ။

တရုတ်ဟာ စီးပွားဆုတ်ယုတ်မှုအခြေအနေကို ရှောင်ရှားနိုင်ခဲ့တယ်လို့လည်း အဓိပ္ပာယ် ထွက်ပါတယ်။ သုံးလသက်တမ်း နှစ်ခါဆက်တိုက်ကျဆင်းမှသာ ဖွံ့ဖြိုးမှု ကျဆင်းတယ်လို့ သတ်မှတ်ပါတယ်။
China gdp

နှစ်ဆန်းပိုင်းကိုရိုနာကာလမှာ ထိုးကျသွားတာက ၆ ဒသမ ၈ ရာနှုန်းရှိပါတယ်။ အဲဒါဟာ တရုတ်မှာ သုံးလပတ် ပြည်တွင်းထုတ်ကုန်ကို စတင်မှတ်တမ်းတင်တဲ့ ကာလကတည်းက အနိမ့်ဆုံးကျဆင်းဖူးတာ ဖြစ်ပါတယ်။

လော့ဒေါင်းကာလတလျှောက်လုံးနီးပါးမှာ စက်ရုံအားလုံး စီးပွားရေး အားလုံးရပ်ဆိုင်းခဲ့ပါတယ်။ တရုတ်ဟာ ရောဂါပိုးမပြန့်ပွားရေး အတွက် တင်းတင်းကျပ်ကျပ်ဆောင်ရွက်ခဲ့တာဖြစ်လို့ မပိတ်မနေရ ဖြစ်ပါတယ်။

စီးပွားရေး ပြန်ဦးမော့လာဖို့ အတွက် အစိုးရက အခွန်ရပ်နားကာလ သတ်မှတ်ပေးတာ အပါအဝင် ကူညီမှု အမျိုးမျိုးလုပ်ခဲ့ပါတယ်။

ဂျာမန်အခြေစိုက် နိုင်ငံတကာ ဘဏ်တခုဖြစ်တဲ့ ဒွိုက်ချ်ဘဏ်ရဲ့ သုတေသနစာတမ်းမှာ ဗီပုံသဏ္ဍန်နာလန်ထမှုအဖြစ် ပီပီပြင်ပြင် တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

“စားသုံးသူတွေရဲ့ ငွေကြေး သုံးစွဲမှုကတော့ ကိုဗစ်မတိုင်ခင်က အခြေအနေနဲ့ နှိုင်းယှဥ်ရင် နိမ့်နေပါသေးတယ်။ ဒါပေမယ့် တကယ်တမ်း သိပ်နိမ့်နေတာက တချို့ ကဏ္ဍတွေမှာသာ ဖြစ်ပါတယ်။ ခရီးသွားတာတို့၊ ညစာစားတာတို့၊ အပန်းဖြေတာတို့မှာ သုံးစွဲတာတို့လို မြန်မြန်ဆန်ဆန် ပြန်တက်လာဖို့ မဖြစ်နိုင်တဲ့ နေရာတွေလောက်ပဲ ကျန်ပါတယ်” လို့ ဆိုပါတယ်။

မေလတုန်းကတော့ ကိုရိုနာ ကပ်ဘေး ဖြစ်ပေါ်ခဲ့လို့ ဒီနှစ် အတွက် စီးပွားရေး ဖွံ့ဖြိုးမှု လျာထားချက်ကို မသတ်မှတ်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။

တရုတ်အစိုးရ အနေနဲ့ ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ သတ်မှတ်ထားတဲ့ ပြည်တွင်းစုစုပေါင်း ထုတ်ကုန်တန်ဖိုး လျာထားချက်ကို မမီတာဟာ ဒါပထမဆုံးဖြစ်ပါတယ်။

ပထမ ၆ လကာလမှာ တရုတ်စီးပွားရေးဟာ ၁ ဒသမ ၆ ရာနှုန်းကျဆင်းသွားခဲ့တယ်လို့ အမျိုးသား စာရင်းအင်းဗျူရိုက ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-53447177
တရုတ်စီးပွားရေးထိုးကျသွားရာက ပြန်ထောင်တက် တရုတ်စီးပွားရေးထိုးကျသွားရာက ပြန်ထောင်တက် Reviewed by THITHTOOLWIN on 00:28 Rating: 5
Powered by Blogger.