မလေးရှားကပြန်လာပြီး မြန်မာနိုင်ငံထဲ တရားမဝင်ပြန်ဝင်သူတွေ ထိန်းသိမ်းခံရ


COVID-19 ကပ်ရောဂါကာလ အသွားအလာတွေ ကန့်သတ်ထားချိန်မှာ မလေးရှားရောက် မြန်မာတချို့ နယ်စပ်တွေကို တရားမဝင် ဖြတ်ကျော်ပြီး နေရပ်ပြန်ဖို့ ကြိုးစားရာက ကော့သောင်းမြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်နေသူတွေ ကပ်ရောဂါကာလမှာ မြန်မာသံရုံး အကူအညီနဲ့ နေရပ်ပြန်ဖို့ ကြိုးစားနေပေမဲ့ အဆင်မပြေသေးဘဲ ဖြစ်နေချိန်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မြန်မာနိုင်ငံကို တရားမဝင် ပြန်လာနေကြတာပါ။ ဒီလိုပြန်လာနေသူတွေထဲက ၁၈ ဦးကိုတော့ ဒီရက်ပိုင်းအတွင်းမှာပဲ ကော့သောင်းမြို့မှာ အာဏာပိုင်တွေက ဖမ်းဆီးမိခဲ့ကြောင်း ကော့သောင်းမြို့ ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေရှင်းရဲ့ ပညာပေးရေးတာဝန်ခံ ဦးမိုးဝေက ပြောပါတယ်။

"၃ ရက်လောက်ကတည်းက မလေးရှားကနေ ထိုင်းကတဆင့်ပြန်လာကြတာ မွန်ပြည်နယ်ကို သွားဖို့ဆိုပြီး ပြန်လာကြတယ်။ အေးရိပ်ငြိမ် ရွှေပြည်တော်ရပ်ကွက်မှာ နှစ် ယောက်ဆင်းတယ်။ ဘုတ်ပြင်းမရောက်ခင်မှာ ရွာမှာက ၄ ယောက်ဆင်းတယ်၊ ၇ ယောက်ပေါ့။ ဘုတ်ပြင်းစစ်ဆေးရေးဂိတ်မှာ ၁၂ ယောက်မိတယ်။ ၃ လနီးပါးဖြစ်လာပြီဆိုတော့ အလုပ်သမားတွေက မခံနိုင်တော့ဘူး။ ရတဲ့နည်းနဲ့ ချိတ်ဆက်ပြီး လာကြတာပေါ့။"

ကပ်ရောဂါကာလ မလေးရှားနိုင်ငံမှာ လုပ်ငန်းတွေ ရပ်ဆိုင်းထားရတဲ့အတွက် မြန်မာနိုင်ငံသားတွေပါ အလုပ်လက်မဲ့ ဖြစ်နေကြရတာကြောင့် တရားမဝင် နေထိုင်နေသူတွေရော၊တရားဝင် အလုပ်လုပ်ကိုင်နေသူတွေပါ နေရပ်ပြန်လိုကြောင်း မြန်မာသံရုံးကို ဆက်သွယ် အကြောင်းကြားထားပေမဲ့လည်း မလေးရှား အစိုးရတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေတဲ့ကာလ ကြာမြင့်လာတာနဲ့အမျှ နေထိုင်စားသောက်ရေး အခက်ကြုံလာရသူတွေ လူမှောင်ခိုတွေ အကူအညီနဲ့ပါ နေရပ်ပြန်ဖို့ ကြိုးစားလာကြတာပါ။ ကပ်ရောဂါ ကာလမှာပဲ မလေးရှားရောက် မြန်မာနိုင်ငံသားတချို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် နေရပ်ပြန်လိုသူတွေအတွက် ၂ နိုင်ငံ တာဝန်ရှိသူတွေ အမြန်ဆုံး စီစဉ်သင့်တယ်လို့လည်း ဦးမိုးဝေက ပြောပါတယ်။

"အစိုးရက ညှိနှိုင်းနေဆဲဆိုတာနဲ့တင် မလုံလောက်ဘူး။ နောက်ပြီးစောင့်ကြည့်ရေးစင်တာတွေ မလုံလောက်ဘူးဆိုတော့လည်း မဟုတ်ဘူး။ ရွက်ဖျင်တဲ့တွေ၊ ဘောလုံးကွင်းတွေလည်း အများကြီးရှိတာပဲ အစိုးရအနေနဲ့ လုပ်ရင်ရတာပဲ အခု မလေးရှားမှာ စာရင်းပေးထားတာ ၈,၀၀၀ ကျော်ရှိနေပြီး သူတို့အခွင့်အရေးလေးတွေကိုတော့ ဖန်တီးပေးဖို့ လိုတယ်။ အခုကတော့ လက်လွတ်စပယ်ထားပြီး သေချင်လည်းသေ၊ ရှင်ချင်လည်းရှင် ဆိုပြီး ထားနေတဲ့ပုံစံဖြစ်နေတယ်။ အခုတောင်အလုပ်သမားတွေနဲ့ တနေ့တနေ့ ခက်ခဲလာပြီး လနဲချီကြာနေပြီ။ အခုချိန်ထိ ပြန်မခေါ်နိုင်သေးဘူး သူတို့ တောင်းဆိုထားလေးတွေက ကူညီပေးသင့်တယ် အခုတောင်မှာ ၉ ယောက်၊ ၁၀ ယောက် အဆုံးစီရင်တာတွေက ဖြစ်လာပြီး ဒီထက်လည်း ဆိုးရွားလာနိုင်ဖို့ ရှိတယ်၊ စိုးရိမ်စရာကောင်းတယ်။"

ကပ်ရောဂါ ကူးစက်မှု ထိန်းချုပ်ဖို့ အသွားအလာတွေ ကန့်သတ်ထားချိန်မှာ နေရပ်ပြန်ချင်သူတွေ များလာတာနဲ့အမျှ လူမှောင်မှုတွေ ပိုများလာတယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အခု ဖမ်းမိခဲ့တဲ့ မြန်မာနိုင်ငံသား ၁၈ ယောက်ကိုတော့ ကော့သောင်းမြို့က စောင့်ကြည့်ရေးစင်တာမှာ သတ်မှတ်ရက်ပြည့်အောင် နေထိုင်ပြီး ရောဂါကင်းရှင်းတယ် ဆိုရင်တော့ နေရပ်ပြန်ခွင့်ရကြမှာပါ။ ဒါပေမဲ့လည်း သူတို့ကိုခေါ်လာတဲ့ ကားသမားတွေကိုတော့ စောင့်ကြည့်ရေးစင်တာမှာ သတ်မှတ်ရက်ပြည့်တဲ့အထိ နေထိုင်ပြီးရင် အာဏာပိုင်တွေက အမှုဖွင့်အရေးယူမယ်လို့လည်း ပြောဆိုထားပါတယ်ရှင်။

VOA (Burmese)
https://burmese.voanews.com/a/malaysia-migrant/5506641.html
မလေးရှားကပြန်လာပြီး မြန်မာနိုင်ငံထဲ တရားမဝင်ပြန်ဝင်သူတွေ ထိန်းသိမ်းခံရ မလေးရှားကပြန်လာပြီး မြန်မာနိုင်ငံထဲ တရားမဝင်ပြန်ဝင်သူတွေ ထိန်းသိမ်းခံရ Reviewed by THITHTOOLWIN on 00:23 Rating: 5
Powered by Blogger.