ဘူးသီးတောင် ပစ်ခတ်မှု မွတ်ဆလင်ရွာသား သေဆုံး

ငါးရှာသွားစဉ်မှာ မင်္ဂလာတောင်ကနေ ပစ်ခတ်လိုက်တဲ့ ကျည်ထိမှန်ခဲ့တာလို့ဆို
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ကျေးရွာမှာ အောက်တိုဘာလ ၈ ရက် မနက် ၁၀ နာရီလောက်မှာ မွတ်ဆလင် အရပ်သားတစ်ဦး ကျည်ဆန်ထိမှန်သေဆုံးခဲ့ပါတယ်။

သေဆုံးသူဟာ အဲဒီရွာသား အသက် ၆၅ နှစ်အရွယ် အမျိုးသား ဖြစ်ပါတယ်။

ရွာသားလေးယောက် ရွာအနီးက ငါးမွေးကန်မှာ ငါးရှာသွားစဉ်မှာ မင်္ဂလာတောင်ကနေ ပစ်ခတ်လိုက်တဲ့ ကျည်ထိမှန်ခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

    ဘူးသီးတောင်မှာ အဖမ်းခံရတဲ့ ကျောင်းဆရာကို အကြမ်းဖက် ဥပဒေနဲ့ အမှုဖွင့်
    ဘူးသီးတောင် ဥယျာဉ်သာရွာ မီးလောင်မှု ဆန်နဲ့ ကျွဲနွားတွေပါ ဆုံးရှုံးခဲ့တယ်လို့ဆို

ဒီသတင်းနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီးဝင်းဇော်ဦးနဲ့ နေပြည်တော် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ဆီကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

"ကျွန်တော်တို့ ရွာသား လေးယောက် မနက်ပိုင်းက ငါးရှာသွားတယ်။ အဲ့ဒီမှာ မင်္ဂလာတောင်ကနေ သေနတ်ပစ်နေတယ်။ တစ်ဦးကိုထိတယ်။ တပ်မတော်ကပစ်တာပါ။ ကျန်တဲ့သုံးယောက်က ရွာကိုယူလာပြီး ဘူးသီးတောင်ဆေးရုံကိုပို့ဆောင်ဖို့ ပြင်နေတုန်းသေဆုံးခဲ့တာဖြစ်ပါတယ်"လို့ ရွာသားတစ်ဦးကပြောပါတယ်။

ဆင်သေပြင်ကျေးရွာဟာ ဘူးသီးတောင်မြို့နယ် စံဂိုးထောင်ကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ ရွာတစ်ရွာဖြစ်ပြီး အဲ့ဒီအနီးဝန်းကျင်ကျေးရွာတွေမှာ တပ်မတော်စစ်ကြောင်းတွေ ဝင်ရောက်နေရာယူထားတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

အောက်တိုဘာလ ၈ ရက်မှာ အဲ့ဒီဆင်သေပြင် အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တပ်မတော်ဘက်က ပစ်ခတ်မှုတွေ လုပ်နေတာ ဖြစ်တယ်လို့ ဆင်သေပြင်ရွာသားတွေက ပြောပါတယ်။

အောက်တိုဘာ ၅ ရက်က တပ်မတော်နဲ့ အေအေတို့အကြား စိုင်းဒင်တံတားအနီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် ဘူးသီးတောင်မြို့နယ်အတွင်းက ကြာညိုပြင်၊ သရက်ပြင်၊ ဖုံညိုလိပ် စတဲ့ကျေးရွာတွေက ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

"ဒီနေ့မနက်က အဲ့ဒီဆင်သေပြင်ကျေးရွာသား သေဆုံးတာနဲ့ပတ်သက်လို့ အဲ့ဒီရွာက တာဝန်ရှိတဲ့သူတစ်ယောက် ကျွန်တော့်ကို အကြောင်းကြားလာပါတယ်။ အဲ့ဒီရွာမှာက စစ်တပ်က ရှိနေတယ်။ ရွာတွေမှာ အဲ့လိုနေရာယူထား တာကြာပြီ။ စံဂိုးထောင်ကျေးရွာအုပ်စုမှာလည်း ရှိတယ်။ ကွမ်းတောင်ကျေးရွာမှာလည်း ရှိတယ်။ သရက်ပြင်မှာလည်း ရှိတယ်"လို့ ဦးအောင်သောင်းရွှေက ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၄ ရက်ကလည်း ရွာသားတွေ ထွက်ပြေးခဲ့ကြတဲ့ ကွမ်းတောင်ကျေးရွာမှာ နေအိမ်တချို့ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၇ ရက်နေ့ ည ၁ နာရီလောက်ကနေ စပြီး မနက်မိုးလင်းတဲ့အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၅ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာသားတွေဟာ ထွက်ပြေးခဲ့ကြပေမယ့် ထွက်မပြေးနိုင်ဘဲ ကျန်နေခဲ့တဲ့ ရွာသားသုံးဦး ပျောက်ဆုံးနေပြီး အဲ့ဒီထဲမှာ နားမကြားသူတစ်ဦးနဲ့ စိတ်ဝေဒနာရှင်တစ်ဦး ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာနားမှာလည်း အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ အတွက် အနီးအနားက ကျေးရွာသားတွေ ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေအကြားမှာ အရပ်သားထိခိုက်သေဆုံးမှုတွေ တဖြည်းဖြည်းမြင့် တက်လာနေပြီး ဒဏ်ရာရရှိသူ ၁၃၀ ကျော်၊ သေဆုံးသူ ၈၀ ကျော် အထိ ရှိလာနေပြီ လို့ အရပ်ဘက်အဖွဲ့ အစည်းတွေရဲ့ စာရင်းဇယားတွေအရသိရပါတယ်။

BBC Burmese
https://www.bbc.com
ဘူးသီးတောင် ပစ်ခတ်မှု မွတ်ဆလင်ရွာသား သေဆုံး ဘူးသီးတောင် ပစ်ခတ်မှု မွတ်ဆလင်ရွာသား သေဆုံး Reviewed by THITHTOOLWIN on 20:13 Rating: 5
Powered by Blogger.