ရှေ့နေအသင်းချုပ်က ဗစ်တိုးရီးယားရှေ့နေများနဲ့အတူ ရပ်တည်မည်

(ဗစ်တိုးရီးယားအမှုအတွက် ဆောင်ရွက်ပေးတဲ့ တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်နဲ့ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်တို့ကို ၂၀၁၉၊ စက်တင်ဘာ ၁၁ ရက်နေ့က တွေ့ရစဉ်)

ဗစ်တိုးရီးယားအမှုကိစ္စနဲ့ပတ်သက်ပြီး တရားစွဲခံထားရတဲ့ ရှေ့နေတွေဘက်က ရည်တည်ပြီး၊ ဥပဒေဘောင်အတွင်းကနေ လိုအပ်သလို ဆောင်ရွက်သွားမယ့်အကြောင်း “မြန်မာနိုင်ငံ ရှေ့နေများအသင်းချုပ်” က စက်တင်ဘာ ၂၈ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ စစ်ဆေးနေတဲ့ ဗစ်တိုးရီးယားအမှု ကိစ္စအတွက် တရားလိုရှေ့နေအဖြစ် ဒေါ်ရွက်နုအောင်၊ မုဒိန်းမှုသံသယနဲ့ ဖမ်းဆီးခံထားရတဲ့ ကိုအောင်ကြီးအတွက် ရှေ့နေ ဦးခင်မောင်ဇော်နဲ့ ဒေါ်စုဒါလီအောင်တို့က လိုက်ပါဆောင်ရွက်ပေးနေပြီး၊ သူတို့ သုံးဦးလုံးကို Wisdom Hill ကျောင်းအုပ်ချုပ်ရေးမှုး ဒေါ်ဥမ္မာလှိုင်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ ပြန်လည်တရားစွဲထားတာဖြစ်ပါတယ်။

အခုလို လူအများ စိတ်ဝင်စားတဲ့ ဗစ်တိုးရီးယားအမှုအတွက် လိုက်ပါဆောင်ရွက်နေကြတဲ့ ရှေ့နေတွေကို ကျောင်းအုပ်ချုပ်ရေးမှူးက ပြန်တရားစွဲတာဟာ တရားရုံးအရာရှိတွေဖြစ်တဲ့ ရှေ့နေတွေရဲ့ ဥပဒေကြောင်းအရ ဆောင်ရွက်ခွင့်ကို ထိပါးစေသလို၊ အများပြည်သူ သိပိုင်ခွင့်ကို ဟန့်တားရာ ရောက်တယ်လို့ မြန်မာနိုင်ငံရှေ့နေများအသင်းချုပ်က ဆိုပါတယ်။

ဒီိကိစ္စဟာ တရားစွဲခံထားရတဲ့ ရှေ့နေ သုံးဦးကိုသာမက မြန်မာနိုင်ငံ ရှေ့နေထုတစ်ရပ်လုံးကိုပါ ထိခိုက်စေတယ်လို့လည်း ထောက်ပြဝေဖန်ပါတယ်။

ဒါ့ကြောင့် တရားစွဲခံထားရတဲ့ ရှေ့နေ သုံးဦးနဲ့အတူ ရည်တည်ပြီး လိုအပ်သလို ဥပဒေဘောင်အတွင်းကနေ ဆောင်ရွက်သွားမယ်လို့ “မြန်မာနိုင်ငံ ရှေ့နေများအသင်းချုပ်” က ဆိုပါတယ်။

“မြန်မာနိုင်ငံ ရှေ့နေများအသင်းချုပ်” ကို မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း၊ မြန်မာနိုင်ငံ ရှေ့နေများအသင်း၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်၊ မြန်မာမီဒီယာ ရှေ့နေများကွန်ယက်၊ ရန်ကုန် ရှေ့နေများအသင်း၊ ပြည်ထောင်စု ရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ စတဲ့ အသင်း အဖွဲ့ ခြောက်ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က သူတို့သားတွေအတွက် အမှန်တရားကို တစ်ကန့်ချင်းစီ ချပြသွားမယ်လို့ စက်တင်ဘာလ ၂၅ ရက်နေ့က ပုပ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းကို လာရောက်ခဲ့တဲ့ သတင်းထောက်တွေကို ပြောထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ရှေ့နေအသင်းချုပ်က ဗစ်တိုးရီးယားရှေ့နေများနဲ့အတူ ရပ်တည်မည် ရှေ့နေအသင်းချုပ်က ဗစ်တိုးရီးယားရှေ့နေများနဲ့အတူ ရပ်တည်မည် Reviewed by THITHTOOLWIN on 06:52 Rating: 5
Powered by Blogger.