ကိုဆွေဝင်းအမှု ပြန်စစ်ဖို့ ခရိုင်တရားရုံး အမိန့်ချ

(Myanmar Now သတင်းဋ္ဌာနက အယ်ဒီတာချုပ် ကိုဆွေဝင်းကို တွေ့ရစဉ်)
ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) နဲ့ တရားစွဲခံခဲ့ရတဲ့ Myanmar Now သတင်းဋ္ဌာနက အယ်ဒီတာချုပ် ကိုဆွေဝင်းအမှုကို မြို့နယ်တရားရုံးကနေ ပြန်လည်စစ်ဆေးဖို့ဆိုပြီး မန္တလေးခရိုင်တရားရုံးက ဒီကနေ့ အမိန့်ချလိုက်တယ်လို့ တရားလိုရဲ့ ရှေ့နေက ပြောတယ်။

မဟာအောင်မြေမြို့နယ် တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် မကျေနပ်လို့ဆိုပြီး တရားလိုဖြစ်တဲ့ ကိုကျော်မျိုးရွှေက ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့မှာ မန္တလေးခရိုင်တရားရုံးမှာ ပြင်ဆင်ချက် အယူခံတင်ထားရာမှာ ခရိုင်ရုံးက အဲဒီလို ဆုံးဖြတ်လိုက်တာလို့ ကိုကျော်မျိုးရွှေရဲ့ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်က RFA ကို ပြောပါတယ်။

မြို့နယ်ရုံးမှာ နှစ်နှစ်ဝန်းကျင် ကြာခဲ့တဲ့ ဒီအမှုမှာ တရားလိုပြသက်သေ ခုနှစ်ဦးကို စစ်ခဲ့ပြီး စစ်ဖို့ကျန်နေသေးတဲ့ သက်သေ ရှိပါတယ်။

အဓိက တရားလိုသက်သေဖြစ်တဲ့ ဦးဝီရသူကို တရားရုံးဆင့်ခေါ်မှု အကြိမ် (၂၀) ကျော် ရှိပေမယ့် ဦးဝီရသူ ရုံးတက် ထွက်ဆိုမှု မရှိခဲ့ပါဘူး။ ဒါကလည်း အမှု ကြန့်ကြာတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ခဲ့တာပါ။

ဦးဝီရသူ အနေနဲ့လည်း ပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရလို့ တိမ်းရှောင်နေတာဖြစ်ပါတယ်။

ရှေ့နေ ဦးကိုနီ အသတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆရာတော် ဦးဝီရသူရဲ့ ပြောဆိုချက်တွေအပေါ်မှာ ကိုဆွေဝင်းက ဦးဝီရသူသည် ပါရာဇိက ကျနေပြီဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ရာကနေ အမှု အစပြုခဲ့တာပါ။

ဦးဝီရသူ မိန့်ကြားချက်နဲ့ ဝံသာနုအားမာန်အဖွဲ့ (အထက်မြန်မာ ပြည်) က ဦးကျော်မျိုးရွှေ က Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ၂၀၁၇ ခုနှစ် မတ်လပိုင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့် ထားတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကိုဆွေဝင်းအမှု ပြန်စစ်ဖို့ ခရိုင်တရားရုံး အမိန့်ချ ကိုဆွေဝင်းအမှု ပြန်စစ်ဖို့ ခရိုင်တရားရုံး အမိန့်ချ Reviewed by THITHTOOLWIN on 06:50 Rating: 5
Powered by Blogger.