ကျောက်စိမ်းစေတီမှ ကျောက်စိမ်းပြားများကို တရုတ်ခရီးသွားများ ယူဆောင်မှုဖြစ်ပွား


မန္တလေး၊ စက်တင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်းရှိ “ဝေရောစန” ကျောက်စိမ်းစေတီတော်ကြီးသို့ လာရောက် လည်ပတ်တဲ့ တရုတ်ခရီးသွားအချို့က ဘုရားမှာ ကပ်လှူပူဇော်ထားတဲ့ အဆင့်နိမ့် ကျောက်စိမ်းဖြတ်စ အချို့ကို ယူဆောင်မှု ဖြစ်ပွားခဲ့တယ်လို့ အဆိုပါ ဘုရားဂေါပကအဖွဲ့မှ သတင်းရရှိပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယပတ်အတွင်း ကျောက်စိမ်းစေတီတော်ကြီး အရှေ့ဘက်မုဒ်ရှိ ကိုးလုံးပုတီးနေရာ မှာ သံဇကာကာရံထားရှိတဲ့ အဆင့်နိမ့် ကျောက်စိမ်းဖြတ်စအချို့ကို တရုတ်ခရီးသွားတစ်ချို့က ယူငင်ခဲ့တာဖြစ် လို့ ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောပါတယ်။

လတ်တလောမှာတော့ ဘုရားဝန်းအတွင်းမှာ နိုင်ငံခြားသားခရီးသွားတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ သတိပေး တားမြစ်ချက်တွေကို တရုတ်၊ မြန်မာ၊ အင်္ဂလိပ်၊ ၃ မျိုးနဲ့ ထုတ်ပြန်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဂေါပက အဖွဲ့က ဆိုပါတယ်။

'' ခုလက်ရှိ စာတွေလုပ်နေတယ်။ လကုန်လောက်တော့ ထုတ်ပြန်နိုင်မယ်။ ဆိုင်းဘုတ်တွေ အကုန်ထောင်ထား ပါမယ်။ နိုင်ငံခြားသား ခရီးသွားတွေနဲ့ ပတ်သက်ပြီး သရုပ်ပျက် အဝတ်အစားတွေ ဝတ်ဆင်ပြီးမလာဖို့၊ ဖိနပ်မ စီးဖို့၊ လက်ဆေးကန်တွေကို ခြေထောက်မဆေးဖို့၊ ဘုရားနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေ ကိုင်တွယ်ယူဆောင်တာ တွေ မလုပ်ဖို့ အဲဒါတွေ ပါဝင်မှာပါ” လို့ ဦးမောင်မောင်က ပြောပါတယ်။

လက်ရှိမှာ ကျောက်စိမ်းစေတီတော်ကြီးသို့ နိုင်ငံခြားခရီးသွားများ လာရောက်လည်ပတ်မှု မြင့်တက်နေပြီး တစ်ရက်လျှင် တရုတ်ခရီးသွား နေ့စဉ်ထောင်နဲ့ချီ လာရောက်လည်ပတ်နေတယ်လို့ ဦးမောင်မောင်ဦးက ဆိုပါ တယ်။

ထက်အောင်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ကျောက်စိမ်းစေတီမှ ကျောက်စိမ်းပြားများကို တရုတ်ခရီးသွားများ ယူဆောင်မှုဖြစ်ပွား ကျောက်စိမ်းစေတီမှ ကျောက်စိမ်းပြားများကို တရုတ်ခရီးသွားများ ယူဆောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 02:04 Rating: 5
Powered by Blogger.