နမ့်ဆန်မြို့ တောင်မမန်မိုင်ကျေးရွာ အနီးတွင် အူထွက်ဒဏ်ရာများဖြင့် အမည်မသိအမျိုးသားတစ်ဦးသေဆုံး


နမ့်ဆန် စက်တင်ဘာ ၂၂

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ တောင်မကျေးရွာအုပ်စု မန်မိုင်ကျေးရွာ၏ မြောက်ဘက် (၅)ဖာလုံအကွာရှိ တောစပ်တွင် ယမန်နေ့နံနက်က အသက်(၃၅) ဝန်းကျင်ခန့် အမည်မသိအမျိုးသားတစ်ဦး ဝဲဘက်ဝမ်းဗိုက်တွင် အူထွက်ဒဏ်ရာဖြင့် သေဆုံး နေကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ(၂၀)ရက် နံနက်(၉)နာရီခန့်က တောင်မမန်မိုင် ကျေးရွာနေ ကိုအောင်လက မန်မိုင်ကျေးရွာ၏ မြောက်ဘက် (၅)ဖာလုံအကွာရှိ တောစပ်ရှိ၎င်း၏ ရေထွက်ဦး တွင် ရေပိုက်သွားရောက်ပြင်ဆင်ရန် သွားရာမှ ရေထွက်ဦးအနီးတွင် အမည်မသိ အမျိုးသားတစ်ဦး အော်ညှီသံကြားရ၍ ကျေးရွာရာအိမ်မှူးတို့အား အကြောင်းကြားရာ တောင်မ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်မန်မိုင်ရာအိမ်မှူးတို့ကသက်သေများနှင့်အတူ သွားရောက် ကြည့်ရှုရာ အသက် (၃၅)နှစ်ခန့် အမည်မသိအမျိုးသားတစ်ဦး ဝဲဘက်ဝမ်းဗိုက်၌ ဓါးထိုးခံရ၍ အူထွက်ကျဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိရသည်။

ထို့အတူ တောင်မမန်မိုင်ကျေးရွာသို့ ဆင်းရာ(ယခင်)လူသွားလမ်းအနီးတွင် သေဆုံးသည့် အမျိုးသားစီးလာသည့် ဆိုင်ကယ်ဟု ယူဆရသည့် (SUPER ANBO) နံပါတ်ပြားမပါ မိုးကာ၊ လေထိုးတံပါသည့် ဆိုင်ကယ်တစ်စီးကိုလည်း တွေ့ရှိရပြီး ၎င်းဆိုင်ကယ်ကို ဇယ်တုန်ဟုန်း ကျေးရွာတွင် ခေတ္တထိန်း သိမ်းထားကြောင်းသိရသည်။ အဆိုပါဆိုင်ကယ်တွေ့ရှိသည့် နေရာတွင် ၎င်းအမျိုးသား မသေဆုံးမီ (၁)ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာဖြစ်သည်ဟု ကျေးရွာ လူထုများက ဆိုပြီး သေဆုံးသူအမျိုးသားသည် ဆိုင်ကယ်ရှိသည့် နေရာတွင် အဖမ်းခံရပြီး ဓါးထိုးခံရကာ တောစပ်အတိုင်း ကိုယ်လွတ်ရုန်းပြေးလွှားရင်း ယခုတွေ့ရှိသည့် နေရာတွင် သေဆုံးသွားခဲ့သည်ဟု ယူဆရသည်။ သေဆုံးသည့်အမျိုးသား၏ အင်္ကျီတွင် (ခါးသျှီရွာတည်နှစ် ၅၀ ပြည့် ရွှေရတုသဘင်) အမှတ်တံဆိပ်ပါရှိပြီး သေဆုံးမှုဖြစ်စဉ်နှင့် သေဆုံးသူ မည်သူဖြစ်ကြောင်း၊ မည်သည့် ကျေးရွာတွင် နေထိုင်ကြောင်းမသိရှိရသေးပါ။

ယနေ့နံနက်တွင် သေဆုံးသူ၏ အလောင်းကို တောင်မအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ တာဝန်ရှိသူများတို့က ခက်ခက်ခဲခဲ သွားရောက်သယ်ဆောင်ပြီး ကောင်းမွန်စွာ မြေမြုပ်သင်္ဂြိုဟ်ပေး ခဲ့ကြကြောင်းနှင့် သေဆုံးသူ မည်သူဖြစ်ကြောင်း အမြန်ဆုံးသိရှိနိုင်ရန် ကျေးရွာအသီးသီးရှိ တာဝန်ရှိသူများအား အကြောင်းကြားပေးသွားမည်ဟု သိရှိရသည်။

ဦ:အောင်မိုး(နမ့်ဆန် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
နမ့်ဆန်မြို့ တောင်မမန်မိုင်ကျေးရွာ အနီးတွင် အူထွက်ဒဏ်ရာများဖြင့် အမည်မသိအမျိုးသားတစ်ဦးသေဆုံး နမ့်ဆန်မြို့ တောင်မမန်မိုင်ကျေးရွာ အနီးတွင် အူထွက်ဒဏ်ရာများဖြင့် အမည်မသိအမျိုးသားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.