ဘုန်းကြီးကျောင်း အုတ်တံတိုင်းပြိုကျ၍ ပိမိသဖြင့် လူတစ်ဦးသေဆုံး


မြင်းခြံ စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ဇေယျသိမ်ဘုန်းတော်ကြီးကျောင်း၏တောင်ဘက်အုတ်တံတိုင်းသည် မိုးရွာသွန်းသဖြင့်ပြိုကျရာ လူနေအိမ် (၃) လုံးပေါ်သို့ ပိမိပြီး နေအိမ်များပျက်စီးကာ လူတစ်ဦးသေဆုံးကြောင်းကို စက်တင်ဘာ ၂၂ ရက်၊ နံနက် ၇ နာရီအချိန်က သိရသည်။


အဆိုပါ ဖြစ်ပွားပုံမှာ မြင်းခြံမြို့တွင် စက်တင်ဘာ ၂၂ ရက်၊ နံနက် ၂ နာရီခွဲခန့် မှ စတင်ရွာသွန်းခဲ့သော မိုးကြောင့် အမှတ် (၁၀) ရပ်ကွက်၊ နယ်မြေ (၂) ရှိ ဇေယျသိမ် ဘုန်းတော်ကြီးကျောင်းတောင်ဘက်အုတ်တံတိုင်း အရှည် ပေ (၆၀) ၊ အမြင့် (၈) ပေခန့်ရှိ ပြိုကျရာ ဒေါ်နန်းမူ နေထိုင်သော မြေစိုက် ဝါးကပ်မိုး နေအိမ်တစ်လုံး၊ ဦးသောင်းရှိန် နေထိုင်သော သွပ်မိုး၊ ထရံကာ မြေစိုက် နေအိမ်တစ်လုံး၊ ဒေါ်မိုးမိုးသန်း နေထိုင်သော မြေစိုက်၊ ဝါးကပ်မိုး၊ ထရံကာ နေအိမ်တစ်လုံး၊ စုစုပေါင်း (၃) လုံးပေါ်သို့ ပိမိခဲ့ပြီး ဒေါ်နန်းမူ ၏ သားဖြစ်သူ မောင်ကျော်ကျော်လွင် မှာ အုတ်တံတိုင်းပိ၍ လည်ပင်း ပွန်းခြစ်ဒဏ်ရာရရှိသဖြင့် မြင်းခြံဆေးရုံကြီးသို့ ပို့ဆောင်စဉ် ဆေးရုံအရောက် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် နေအိမ်အုတ်တံတိုင်းပိမိသည့် ဒေါ်မိုးမိုးသန်း ၏ သမီးဖြစ်သူ မမေသူ မှာလည်း အုတ်တံတိုင်းပြိုကျမှုကြောင့် ခါးဒဏ်ရာရရှိခဲ့ သဖြင့် မြင်းခြံဆေးရုံသို့ တင်ပို့ကုသခဲ့ကြောင်း သိရသည်။

ဇေယျသိမ်ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်းပြိုကျပျက်စီးမှုကြောင့် အိမ်ထောင် စု (၃) စုမှ ကျန်ရှိသူများ ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် လူနေအိမ် (၃) လုံး ပျက်စီးခဲ့ပြီး အုတ်တံတိုင်းပြိုကျ၍ ပိမိသေဆုံးသူ မောင်ကျော်ကျော်လွင်၊ အသက် (၃၅) နှစ်၊ သေဆုံးမှုနှင့်ပတ်သက်၍ မြင်းခြံ (မြို့မ) ရဲစခန်း ဒုရဲအုပ် ဝင်းသူဟိန်း မှ တရားလိုပြုလုပ်၍အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ဇော်မင်းနိုင် ( မြင်းခြံ )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဘုန်းကြီးကျောင်း အုတ်တံတိုင်းပြိုကျ၍ ပိမိသဖြင့် လူတစ်ဦးသေဆုံး ဘုန်းကြီးကျောင်း အုတ်တံတိုင်းပြိုကျ၍ ပိမိသဖြင့် လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.