ရေချမ်းစင်ရှိ သောက်ရေခွက်ဖြင့် အရက်ထည့်မသောက်ရန် တားမြစ်မှုကြောင့် ဓားထိုးမှုဖြစ်ပွား


မြို့သစ် နိုဝင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် နိုဝင်ဘာ ၁၂ ရက်က ဓားထိုးမှုဖြစ်ပွားကြောင်း မြို့သစ်မြို့နယ် ဝါးကြီးအိုင် နယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၁ ရက် ည ၉ နာရီခန့်က မြို့သစ်မြို့နယ် နင်းကြမ်း ကျေးရွာအုပ်စု ယောင်းမငကျေးရွာနေ ဝင်းအောင် (၃၄ နှစ်)သည် ရွာအရှေ့ထိပ် ဦးဆန်းယုနေအိမ်အနီး ရေချမ်းစင်တွင် တစ်ရွာတည်းနေ ကုလား(ခ)မြင့်ဇော်(၁၈ နှစ်)နှင့်အတူ နေဝင်းအောင်၊ ဇော်ဇော်အောင်၊ ဖြူကြီးတို့နှင့်အတူ အရက်အတူသောက် နေစဉ် ကုလား(ခ)မြင့်ဇော်က ရေချမ်းစင်ရှိ သောက်ရေခွက်နှင့် အရက် ထည့်သောက် သဖြင့် ဝင်းအောင်က ကုလား(ခ)မြင့်ဇော်အား ပြောရာ အရက်ထည့်မသောက်ရန် ကုလား(ခ)မြင့်ဇော်က ယင်းခွက်ဖြင့် အရက်တစ်ခွက်ထည့်သောက်ပြီး နေအိမ်သို့ ပြန်သွားခဲ့သည်။ ထို့နောက် ၁၅ မိနစ်ခန့်အကြာ ကုလား(ခ)မြင့်ဇော်က ညစ်ညမ်းစွာ ဆဲဆိုစိန်ခေါ်သဖြင့် အခြားလူများနှင့် ပြဿနာဖြစ်မည်ဆိုး၍ ဝင်းအောင်က ထိန်းသိမ်း ရန် လမ်းဘက်သို့ ထွက်သွားစဉ် ကုလား(ခ)မြင့်ဇော်က အသင့်ပါလာသော ဓားဦးချွန် ဖြင့် ဝင်းအောင်၏ ဝမ်းဗိုက်အားထိုးလိုက်ရာ ဝင်းအောင်က လက်ဖြင့် ကာလိုက်သဖြင့် ညာဘက်လက်ကောက်ဝတ်တွင် တစ်လက်မခန့် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး ဝင်းအောင်က အော်ဟစ်အကူအညီတောင်းခဲ့ရာ နေဝင်းအောင်နှင့် ဇော်ဇော်အောင်တို့ ဝိုင်းဝန်းဖျန်ဖြေပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဝင်းအောင်က ကုလား(ခ)မြင့်ဇော်အား အရေးယူပေးရန် တိုင်တန်းသဖြင့် ဝါးကြီးအိုင်နယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ထွန်းလှိုင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရေချမ်းစင်ရှိ သောက်ရေခွက်ဖြင့် အရက်ထည့်မသောက်ရန် တားမြစ်မှုကြောင့် ဓားထိုးမှုဖြစ်ပွား ရေချမ်းစင်ရှိ သောက်ရေခွက်ဖြင့် အရက်ထည့်မသောက်ရန် တားမြစ်မှုကြောင့် ဓားထိုးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:27 Rating: 5
Powered by Blogger.