ဆောက်လုပ်ပြီး ၇ လကျော်အကြာတွင် ပျက်စီးသွားသည့် လန်ဆယ်တံတား


မြစ်ကြီးနား၊ နိုဝင်ဘာ ၉

၂၀၁၈ ခုနှစ် မတ်လဆန်းက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (နတလ) ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ချီဖွေမြို့နယ်၊ လန်ဆယ်ကျေးရွာရှိ ထမ်းဒန်တံတား ပျက်စီးခဲ့ခြင်းမှာ ဒေသခံများ စုပုံထားသော သစ်တုံးများ ရေနှင့်အတူ မျောပါလာပြီး ထိခိုက်မိခြင်းကြောင့် ဖြစ်ကြောင်း နတလမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်း သစ်တုံးများသည် ၂၀၁၆ ခုနှစ်က လန်ဆယ်ကျေးရွာအပါအ၀င် ကျေးရွာပေါင်း ၁၄ ရွာ၌ ရေဘေးအန္တရာယ် ကျရောက်သဖြင့် ၎င်းတို့၏ သစ်လုပ်ကွက်များနှင့် လပိချောင်း၊ ချီဝင်းချောင်းရိုး တစ်လျှောက်ရှိ သစ်မြစ်၊ သစ်တုံး၊ သစ်ကိုင်းများ မျောပါလာကာ ချောင်းဆုံနေရာဖြစ်သည့် လန်ဆယ် ကျေးရွာတွင် စုံပုံရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါတံတားကို ယင်းဌာန၏ရန်ပုံငွေကျပ် ၃၀၅ ဒသမ ၇၆၅ သန်းဖြင့် Augusta ကုမ္ပဏီမှ တာဝန်ယူကာ ၂၀၁၇ခုနှစ် အောက်တိုဘာလ ၂၅ ရက်တွင် စတင်ဆောက်လုပ်ခဲ့သည့် တံတားဖြစ်ကြောင်း သိရသည်။

"အဲဒီတံတားကို ဒေသခံတွေကပဲ အသုံးပြုတာပါ။ ဆိုင်ကယ်တောင် စီးတာ သိပ်မရှိဘူး။ လမ်းဖြတ်လျှောက်တာပဲများပါတယ်။ ဘယ်ကားကြီးမှမလာဘူး။ လမ်းမကောင်းဘူးဆိုတော့။ တံတားရဲ့ အလယ်တိုင်ကို ရေကြီးတော့ (တောင်ကျချောင်းရေနဲ့အတူ မျောပါလာတဲ့) သစ်တုံးတွေ ခဏခဏ ၀င်တိုက်လို့ ဖြစ်သွားတာပါ"ဟု နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ချီဖွေမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးအောင်ဆန့်က ပြောသည်။

ထိုသစ်တုံးများသည် ယခုနှစ်ဧပြီလက ချောင်းရေလျှံမှုကြောင့် ရေတွင်မျောပါလာပြီး တံတား၏ ရေလယ်တိုင်ကို ၀င်တိုက်သဖြင့် ပျက်စီးသွားခြင်းဖြစ်ကြောင်း ဦးအောင်ဆန်ကပြောသည်။
"သစ်တုံးတွေက အရမ်းများတော့ ဘယ်လိုမှ မသိမ်းနိုင်ဘူး။ လမ်းဖောက်ဖို့တော့ တတ်နိုင် သလောက် သိမ်းတယ်။ သစ်ကောင်းတွေမဟုတ်ဘူး။ ထင်းပဲဆိုက်လို့ရမယ့် အတို၊ အပိုင်းအစတွေ၊ သစ်မြစ်တွေပဲဆိုတော့ သိမ်းရအရမ်းခက်နေတယ်"ဟု ဦးအောင်ဆန်ကပြောသည်။

သစ်တုံးများ မျောလာသည်ကို ကာကွယ်ရန် ရေလယ်တိုင်ကို ကမ်းကပ်ခုံ၏ ၁၀ ပေအကွာတွင် ထပ်မံဆောက်လုပ်ရန် ကုမ္ပဏီမှတာဝန်ရှိသူများက နိုဝင်ဘာလ ၇ ရက်တွင်သွားရောက်ပြုပြင်နေပြီ ဖြစ်ကြောင်း၊ တစ်လခန့်အကြာတွင်ပြီးစီးမည် ဖြစ်ကြောင်း၊ တံတားစတင်ဆောက်လုပ်စဉ်က Augusta ကုမ္ပဏီနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့၏ စာချုပ်အရ သုံးနှစ်အတွင်းပျက်စီးခဲ့သဖြင့် ပြုပြင်စရိတ်ကို ကုမ္ပဏီမှ တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ဌာနက အဲဒီတံတားပျက်နေတာကို မသိလိုက်တာလည်း အဲဒီဘက်က လမ်းပန်း ဆက်သွယ်ရေးက ခက်တယ်။ ဖုန်းလိုင်းကလည်းမရှိဆိုတော့ အမြန်မသိလိုက်တာပါ။ အခု သိသိချင်းတော့ ကုမ္ပဏီကို အကြောင်းကြားပြီး ချက်ချင်း ဆောင်ရွက်ခိုင်းထားပါတယ်"ဟု နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ထွန်းမောင်ကပြောသည်။

အဆိုပါတံတားသည် အရှည်ပေ ၁၄၀၊ အကျယ် ၁၄ ပေရှိပြီး လကင်ကျေးရွာနှင့် လန်ဆယ်ကျေးရွာကို ဆက်သွယ်ထားသောလမ်းဖြစ်ပြီး လန်ဆယ်ကျေးရွာသည် ချီဖွေမြို့မှ ၁၃၅ မိုင်ဝေးကြောင်း သိရသည်။

ထိုဒေသတွင် စာချုပ်သက်တမ်းမပြည့်မီ ပျက်စီးသွားသည်မှာ ထိုတံတား နှစ်စင်းဖြစ်ကြောင်း ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေးက ဧရာဝတီသတင်းဌာနသို့ ပြောကြားထားသည်။

"ဆောက်တာတောင် ၇ လ ၈ လ မပြည့်သေးဘူး။ အခုလိုဖြစ်သွားတယ်ဆိုတော့ သူတို့ ရဲ့ ပေါ့ဆမှု အများကြီးလိုတယ်၊ တည်ဆောက်တဲ့ ကုမ္ပဏီရဲ့ ပေါ့ဆမှုပေါ့နော်။ လုပ်ငန်းအတိုင်းအတာ တွေလည်း ခိုတာပေါ့။ သေသေချာချာ မဆောက်ဘူး။ အခု လွှတ်တော်ပြန်စရင် (နိုဝင်ဘာ ၁၂ ရက်ပြန်စ) ကြယ်ပွင့်ပြ မေးခွန်း မေးသွားမယ်။ သူ့ရဲ့ပုံစံအတိုင်း မဆောက်ဘူးဆိုရင် အရည်အသွေးစစ်တဲ့ အဖွဲ့တွေမှာလည်း တာဝန်ရှိတယ်။ သူတို့လုပ်ငန်းအပ်နှံပြီးပြီလေ၊ ကျူစီ (အရည်အသွေးစစ်ဆေး တိုင်းတာမှု) စစ်တဲ့အဖွဲ့ တွေကိုလည်း အရေးယူစေချင်တယ်"ဟု ဦးလာမာလေးက ပြောကြားထားသည်။

နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် လမ်းတံတား ဆောက်လုပ်ပြုပြင်ပေးခြင်း၊ ကျေးရွာတွင်း ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပညာရေး၊ ကျန်းမာရေး နှင့်ပတ်သက်သည့် ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းများကို ပြုလုပ်နေကြောင်း သိရသည်။

မွန်းမွန်းပန်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
ဆောက်လုပ်ပြီး ၇ လကျော်အကြာတွင် ပျက်စီးသွားသည့် လန်ဆယ်တံတား ဆောက်လုပ်ပြီး ၇ လကျော်အကြာတွင် ပျက်စီးသွားသည့် လန်ဆယ်တံတား Reviewed by THITHTOOLWIN on 11:43 Rating: 5
Powered by Blogger.