လားရှိုးမြို့၌ ဆေးကုသစဉ် သေဆုံးသွားသဖြင့် တရုတ်တိုင်း ရင်းဆေးဆရာ ၁ ဦးအား အရေးယူ


မန္တလေး-၂၂ အောက်တိုဘာ

အသက် ၆၂ နှစ်အရွယ် အမျိုးသားတစ်ဦးအား လားရှိုးမြို့ရှိတရုတ်တိုင်းရင်းဆေးဆရာဖြင့်ဆေးကုသရာမှ သေဆုံးမှုဖြစ်ပွားခဲ့သဖြင့်ရာဇသတ်ကြီးပုဒ်မ ၃၀၄-က (ပေါ့လျော့မှုကြောင့် လူသေမှု) ဖြင့်အမှုဖွင့်ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

အောက်တိုဘာလ ၂၁ ရက်နေ ၀၈၃၀ အချိန် မူဆယ်မြို့၊ ပန်လုံရပ်ကွက်နေ ဦးရွှေရင်(၆၂)နှစ်သည် ယာခြေထောက်နာကျင်နေသဖြင့် လားရှိုးမြို့၊ ရပ်ကွက်(၁၂)ရှိ ယုံချမ်း ဆေးခန်း ၌ ၄င်း၏ဇနီးဖြစ်သူ ဒေါ်ရင်လောက်ဟွာနှင့်အတူ သွားရောက်ပြသခဲ့ကြောင်းသိရသည်။

အဆိုပါတရုတ်တိုင်းရင်းဆေးဆရာတစ်ဦးမှ သွေးပေါင်ချိန်တိုင်းပြီး အခန်းတစ်ခန်းအတွင်းသို့ ခေါ်သွားခဲ့ကြောင်း ၊ ၅ မိနစ်ခန့်အကြာ လူနာ၏ အော်သည့် အသံကြားရ၍ ဇနီးဖြစ်သူမှ အခန်းအတွင်းသို့ ဝင်ရောက် ကြည့်ရှုစဉ် ဦးရွှေရင်မှာ လက်တွင် ပိုက်တန်းလန်းဖြင့် ဆေးပုလင်းချိတ်လျှက် ခုတင်ပေါ်တွင် စကားမေး မရဘဲငြိမ်သက်နေသည်ကိုတွေ့ရှိခဲ့ကြောင်းသိရသည်။

ဦးရွှေရင်အား လားရှိုးပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရာ ၁၀ မိနစ်အကြာတွင် သေဆုံးသွားခဲ့၍ စစ်မေးရာ ဦးကျောက်ကျင်းရှော်သည် ဆေးကုသခွင့်လိုင်စင်မရှိပဲကုသခြင်းဖြစ်ကြောင်းသိရသည်။

ဆေးကုသခွင့်လိုင်စင်မရှိပဲ ဆေးကုသသည့် တရုတ်တိုင်းရင်းဆေးဆရာအား လားရှိုးနယ်မြေရဲစခန်း(ပ)၁၆၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က (ပေါ့လျော့မှုကြောင့် လူသေမှု)ဖြင့်လည်းကောင်း၊ လားရှိုးနယ်မြေရဲစခန်း(ပ)၁၆၂/၂၀၁၈၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေပုဒ်မ ၅၈ ဖြင့်လည်းကောင်း အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
လားရှိုးမြို့၌ ဆေးကုသစဉ် သေဆုံးသွားသဖြင့် တရုတ်တိုင်း ရင်းဆေးဆရာ ၁ ဦးအား အရေးယူ လားရှိုးမြို့၌ ဆေးကုသစဉ် သေဆုံးသွားသဖြင့် တရုတ်တိုင်း ရင်းဆေးဆရာ ၁ ဦးအား အရေးယူ Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.