သေနတ်ဖြင့် ပစ်ပြေးသူကို ၂၄ နာရီအတွင်း ဖမ်းပေးရန်ခေါ်ပြော


မော်လမြိုင်မြို့တွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုမှ ကျူးလွန်သူကို ၂၄ နာရီအတွင်းဖမ်းဆီးပေးရန် သက်ဆိုင်ရာအဖွဲ့ခေါင်းဆောင်ကိုခေါ်ယူ၍ မွန်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ၀င်းနိုင်ဦးက ပြောလိုက်သည်။

ယနေ့ညနေပိုင်းတွင် အစိုးရအဖွဲ့ရုံး၌ မွန်ငြိမ်းချမ်းကာကွယ်ရေးဌာနချုပ်မှ နိုင်အိုက်ချမ်း၊ စစ်ဦးချုပ် နိုင်ရောင်ပါ အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် နိုင်ပိုက်ထွေးဆိုသူကို လာရောက်အပ်နှံရန် ၀န်ကြီးက ယင်းသို့ သတိပေးလိုက်ခြင်းလည်းဖြစ်သည်။

နံနက်ပိုင်းက ဈေးကြိုအနီးတွင် လိုင်စင်မဲ့ယာဉ်တစ်စီးကို ယာဉ်ထိန်းတပ်ဖွဲ့မှ တားဆီးရာ ရပ်မပေးဘဲ မောင်းပြေးရာမှ ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်တစ်ဦးက ဆိုင်ကယ်ဖြင့်လိုက်ခဲ့စဉ် မြိုင်သာယာရပ်ကွက် စစ်မောင်လမ်းနှင့် သမိန်ဗရမ်းလမ်းထောင့်အရောက်၌ ယာဉ်ကိုမီခဲ့ရာ လိုင်စင်မဲ့မော်တော်ယာဉ်မောင်းနှင်သူမှ တာဝန်ရှိသူတို့ စီးနင်းလာသည့် ဆိုင်ကယ်နှင့် လမ်းဘေး ဓာတ်တိုင်ကို ၀င်တိုက်မိပြီးနောက် မော်တော်ယာဉ်မှာ ရပ်တန့်သွားခဲ့သည်။


ယင်းနောက် ယာဉ်ထံသို့ လာရောက်သည့် ယာဉ်ထိန်းကို သေနတ်ဖြင့် ထုတ်ပစ်ခဲ့ရာ မျက်နှာသို့ ကျည်သင့်ခဲ့ပြီး လမ်းပေါ်တွင်ဆိုင်ကယ်မောင်းနှင်လာသူ အရပ်သားလူငယ် တစ်ဦး၏ လက်တွင်လည်း သေနတ်ဒဏ်ရာတစ်ချက်ရရှိစေခဲ့သည်။

ယာဉ်မောင်းမှာ ထွက်ပြေးသွားပြီး ၄င်းပစ်ခတ်ခဲ့သော သေနတ်ကို အနီးရှိ ရေမြောင်းအတွင်း၊ ကျည်ဆန်ခွံ ၄ခွံကို အခင်းဖြစ်ပွားရာနေရာဝန်းကျင်အတွင်း ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။

ယင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသူ အမျိုးသမီးကို ရဲတပ်ဖွဲ့ က ဖမ်းဆီးထားပြီး ၄င်းတို့နှစ်ဦးကို ကနဦးတွင် လူ့အသတ်သေစေရန် ယာဉ်ဖြင့် တိုက်မှု၊ သေနတ်ဖြင့် ပစ်ခတ်မှု၊ တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းကို ကိုယ့်ထိလက်ရောက်နာကျင်စေမှုဆိုင်ရာ ပုဒ်မများဖြင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့က အမှုဖွင့်ထားကာ အခြားသော ပြစ်မှုဆိုင်ရာပုဒ်မအချို့လည်း ထပ်တိုးဖွယ်ရှိကြောင်းသိရသည်။

ခေတ်မင်း
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation
သေနတ်ဖြင့် ပစ်ပြေးသူကို ၂၄ နာရီအတွင်း ဖမ်းပေးရန်ခေါ်ပြော သေနတ်ဖြင့် ပစ်ပြေးသူကို ၂၄ နာရီအတွင်း ဖမ်းပေးရန်ခေါ်ပြော Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.