စင်းကျန်းမှာ အစားအသောက်မဟုတ်တဲ့ ဟာလာကုန်တွေပိတ်ပင်

စင်းကျန်းပြည်နယ်က ဈေးမြင်ကွင်း
တရုတ်ပြည် အနောက်ပိုင်း စင်းကျန်းပြည်နယ်မှာ ဝီဂါမွတ်ဆလင်တွေရဲ့ ဘဝကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ ဟာလာ ပစ္စည်းတွေ ပိတ်တဲ့အမိန့်ကို တရုတ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

အစားအသောက် မဟုတ်တဲ့ ဟာလာပစ္စည်းတွေသုံးစွဲတာကို တားမြစ်လိုတာ ဖြစ်ပါတယ်။

သွားတိုက်ဆေးလို ပစ္စည်းမျိုးကအစ ဟာလာတံဆိပ်တပ်တာဟာ ဘာသာရေးနဲ့ လောကီလူမှုဘဝကြား ခြားနားချက်ကို မှေးမှိန်စေပြီး လူတွေကို ဘာသာရေး အစွန်းရောက်မှုဘက်ကို တွန်းပို့စေတယ်လို့ ဒေသသတင်းစာတစောင်က ရေးသားပါတယ်။

အောက်တိုဘာလ ၈ ရက်က အူရုမ်ဂျီမှာ ပါတီ ခေါင်းဆောင်တွေ ကြီးမှူးပြီး ကေဒါတွေနဲ့ ဟာလာရေစီးတိုက်ဖျက်ရေး သစ္စာဆိုပွဲ ကျင်းပတယ်လို့လည်း အေအက်ဖ်ပီ သတင်းမှာ ဖော်ပြပါတယ်။

မွတ်ဆလင် အမျိုးသမီးတွေ ခေါင်းမြီးခြုံတာကိုလည်း စည်းမျဉ်းသစ်တွေနဲ့ တားမြစ်ခဲ့ပါတယ်။

ကွန်မြူနစ်ပါတီဝင်တွေနဲ့ အစိုးရ အရာရှိတွေကိုလည်းဒေသန္တရစကားတွေအစား မန်ဒရင် တရုတ်စကားပဲ ပြောဖို့ အမိန့်ပေးခဲ့ပါတယ်။

နောက်ပြီး အရင်က ပြန်လည် ပညာပေးရေး စခန်းတွေ မရှိဘူးလို့ တောက်လျောက် ငြင်းလာခဲ့ပေမယ့် ဘာသာရေး အစွန်းရောက်တွေကို လေ့ကျင့် ပုံစံပြောင်းပေးမယ့် သက်မွေးဝမ်းကျောင်း သင်တန်းတွေ ဖွင့်ဖို့ ဥပဒေ ပြင်ဆင်ချက်ကိုလည်း အောက်တိုဘာလ ၉ ရက်က ကြေညာခဲ့ပါတယ်။

Anadolu Agency
စင်းကျန်းပြည်နယ်မှာ အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို တိုက်ဖျက်နေရတယ်လို့လည်း တရုတ် အစိုးရက ပြောပါတယ်။

သိန်းနဲ့ချီတဲ့ ဝီဂါမွတ်ဆလင်တွေကို ပြန်လည်ပညာပေးရေး စခန်းတွေ ပို့ထားတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

စင်းကျန်းမြို့တော်အလယ်က စည်ကားတဲ့ ဈေးကြီး
ဟာလာ အစစ် မဖြစ်နိုင်တဲ့ ပစ္စည်းတွေကို တောင်းဆိုတာဟာ ဘာသာချင်း ပဋိပက္ခကို ဦးတည်စေပြီး နေ့စဉ်ဘဝတွေထဲမှာ အစ္စလာမ် ဘာသာရေးတွေ စွက်ဖက်လာစေတယ် ဆိုပြီး တရုတ်အစိုးရရဲ့ ဂလိုဘယ်တိုင်း သတင်းစာက ရေးသားခဲ့ပါတယ်။

ဝီဂါ အစိုးရရှေ့နေကြီး တယောက်ကတော့ သူငယ်ချင်းတို့၊ ကိုယ့်အတွက် ဟာလာဆိုင် အထူးရှာဖို့မလိုပါဘူး ဆိုပြီးတောင် ဆောင်းပါးရေး လှုံ့ဆော်ခဲ့ပါတယ်။

မွတ်ဆလင်တွေချည်း သီးသန့် ဟာလာဆိုင်မှာ စားမယ့်အစား တရုတ်မိတ်ဆွေတွေနဲ့အတူတူ စားသင့်တယ်၊ သူများရဲ့ အစားအသောက်ဓလေ့ကိုလည်း လေးစားသင့်တယ်ဆိုပြီး အဲဒီဆောင်းပါးမှာ ပါရှိပါတယ်။

အစိုးရ ဝန်ထမ်းတွေအနေနဲ့ အစားအသောက်ကိစ္စမှာ ဘာပြဿနာမှ မရှိသင့်ဘူး၊ အစားအသောက်မျိုးစုံ စားနိုင်အောင် ရုံးတွေက ဆိုင်တွေကို ပြုပြင်သင့်တယ် ဆိုပြီး အူရုမ်ဂျီအာဏာပိုင်တွေရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးထားပါတယ်။

စင်းကျန်းက မွတ်ဆလင်အစားအသောက်ဆိုင်
အစိုးရ အရာရှိတွေ၊ ပါတီဝင်တွေဟာ ဘာသာရေးမှာ မဟုတ်ဘဲ မာ့က်စ်လီနင်ဝါဒမှာသာ စွဲစွဲမြဲမြဲ ရှိဖို့လိုတယ်ဆိုပြီး ဒေသတွင်း ပါတီ ခေါင်းဆောင်ပိုင်းက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် ရှိတယ် ဆိုပေမယ့် ဘာသာရေးကို အစိုးရရဲ့ ထိန်းချုပ်မှုအောက် ထားဖို့ ကြိုးစားနေတာတွေ ရှိပါတယ်။ ဒါကြောင့် ဘာသာရေး လှုပ်ရှားမှုတွေကို စောင့်ကြည့် စစ်ဆေးတာတွေ ပိုများလာတာပါ။

ဘာသာရေးကို ဖက်တွယ်ထားတဲ့ ကွန်မြူနစ်ပါတီဝင်တွေကို ထုတ်ပစ်မယ်၊ အပြစ်ပေးမယ် ဆိုပြီး သြဂုတ်လကပဲ တရုတ် ကွန်မြူနစ်ပါတီက ထုတ်ပြန်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
စင်းကျန်းမှာ အစားအသောက်မဟုတ်တဲ့ ဟာလာကုန်တွေပိတ်ပင် စင်းကျန်းမှာ အစားအသောက်မဟုတ်တဲ့ ဟာလာကုန်တွေပိတ်ပင် Reviewed by THITHTOOLWIN on 11:45 Rating: 5
Powered by Blogger.