ပေါက်တောတွင် ဖမ်းဆီးခံရသူ သမိုင်းအဓိကနောက်ဆုံးနှစ်ကျောင်းသားခိုင်ဘိုဘိုကို စစ်တွေသို့ယူဆောင်


နိရဉ္စရာ၊အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် ဖမ်းဆီးခံခဲ့ရသည့် စစ်တွေတက္ကသိုလ် သမိုင်းအဓိက နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးဖြစ်သူ ခိုင်ဘိုဘို(ခ) ကိုခိုင်သော် (၂၃) နှစ်ကို ယနေ့နံနက် ၈နာရီအချိန်က ပေါက်တောမြို့မှ စစ်တွေမြို့သို့ ရွှေပြည်တန်အမြန်ရေယာဉ်ဖြင့် ရဲက ခေါ်ယူသွားသည်ဟု သတင်းရရှိသည်။

ခိုင်ဘိုဘို၏ ဖခင်ဖြစ်သူ ဦးထွန်းသာအောင်က “ သူ့ကို ပြည်နယ်ရဲမှူးကြီးက ခဏ ထိန်းသိမ်းပေးပါလို့ ထိန်းသိမ်းရတာ ဖြစ်တယ်လို့ ပေါက်တောမြို့နယ်ရဲမှူးကို မေးကြည့်တော့ ဒီလိုပြောပါတယ်။ သူတို့လည်း ဖမ်းရတဲ့ အကြောင်းကို မသိဘူးလို့ ပြောပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောဆိုသည်။


ခိုင်ဘိုဘိုအား ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် ရဲစခန်းအနီးရှိ လမ်းဆုံမှ ရဲတပ်ဖွဲ့တစ်ဦးမှ မေးမြန်းစရာရှိသည်ဟု ဆိုကာ ခေါ်ယူသွားခဲ့ကြောင်း၊ ခိုင်ဘိုဘိုတို့အိမ်မှာ ပေါက်တောမြို့ရဲစခန်း အနီးတွင် တည်ရှိကြောင်း သိရသည်။

“ ကျွန်တော်တို့က အမှုကို အမှန်အတိုင်းဘဲ ဖြစ်စေချင်ပါတယ်။ အခုက ဘာကြောင့် ဖမ်းသလဲဆိုတာကို တိတိကျကျ မသိရသေးတဲ့ အတွက် အသေးစိတ် ပြောဖို့ အချိန်စောနေပါသေးတယ်” ဟု ဘိုဘိုဖခင် ဦးထွန်းသာအောင်က ပြောကြားသည်။

ပေါက်တောရဲစခန်းသို့ နိရဉ္စရာ သတင်းဌာနမှ ဆက်သွယ်ရာ မှ ရဲအုပ်သန်းဌေးက “ဟုတ်ပါတယ်။ သူ့ကို ခေါ်ယူစစ်ဆေး နေပါတယ်။ စစ်ဆေးမေးမြန်းစရာတွေရှိတဲ့အတွက်ပါ။လတ်တလောမှာတော့ ဘာကြောင့် စစ်ဆေးရတယ်ဆိုတာ မပြောနိုင်သေးပါဘူး။စစ်ဆေးနေတုန်းပါ။ဒီလောက်ပဲကျွန်တော်လည်း ပြောနိုင်ပါတယ်”ဟု နိရဉ္စရာသို့ပြောသည်။


ယခုဖမ်းဆီးမှုနှင့် ပတ်သက်ပြီး စစ်တွေမြို့တွင် စက်တင်ဘာ ၂၅ ရက်နေ့ သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခံလိုက်ရသူ စရဖတပ်ဖွဲ့ဝင် ၀င်းထိုက်(ခ) ဖိုးလုံး(ခ) ဘဦး အသတ်ခံရမှုနှင့် ဆက်စပ်နေကြောင်း စုံစမ်း သိရှိရသည်။

ယမန်နေ့ စစ်တွေမြို့တွင်လည်း ကိုခိုင်ချေ (ခ) အောင်ဇော်လင်းနှင့် ကိုမေယုထွန်းတို့လည်း ဖမ်းဆီးခံခဲ့ရပြီး ယခု လက်ရှိ အချိန်တွင် ၎င်းစရဖ တပ်ဖွဲ့ဝင် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ဆက်စပ်ပြီး အနည်းဆုံး လူ ၈ ယောက်ကို ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

စိုးဇံအောင်(တောင်ကုတ်)
Narinjara
https://www.facebook.com/pg/Narinjara-151742128171206
ပေါက်တောတွင် ဖမ်းဆီးခံရသူ သမိုင်းအဓိကနောက်ဆုံးနှစ်ကျောင်းသားခိုင်ဘိုဘိုကို စစ်တွေသို့ယူဆောင် ပေါက်တောတွင် ဖမ်းဆီးခံရသူ သမိုင်းအဓိကနောက်ဆုံးနှစ်ကျောင်းသားခိုင်ဘိုဘိုကို စစ်တွေသို့ယူဆောင် Reviewed by THITHTOOLWIN on 11:55 Rating: 5
Powered by Blogger.