သတင်းမီဒီယာသမားတွေ တည်ဆဲဥပဒေတွေကို လိုက်နာဖို့ လိုအပ်ကြောင်း ဒုဝန်ကြီး ပြော

ပြန်ကြားရေးဒုတိယဝန်ကြီး ဦးအောင်လှထွန်း ကို တွေ့ရစဉ် / Photo: RFA
သတင်းမီဒီယာသမားတွေအနေနဲ့ တည်ဆဲဥပဒေတွေကို လိုက်နာဖို့ လိုအပ်ကြောင်း ရရှိမယ့်သတင်းရလဒ်နဲ့ ပေးဆပ်ရမယ့် တန်ဖိုးပေါ်မူတည်ပြီး လုပ်ကိုင်ဖို့ ပြန်ကြားဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားလိုက်ပါတယ်။

ရိုက်တာ သတင်းထောက် ၂ ဦး ထောင်ဒဏ်အပြစ်ပေးခံရတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းတာ ကို ဦးအောင်လှထွန်းက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"ဥပဒေကရှိတယ်လေ၊ ဥပဒေကရှိတယ်၊ ဥပဒေတစ်ခု တည်ရှိနေသရွေ့ သူ့ကိုလိုက်နာရမှာပဲလေ၊ နိုင်ငံသား တိုင်းဟာ လူတိုင်းဟာ ဥပဒေကို လိုက်နာရတယ်၊ ကျနော်တို့ဟာ ခြွင်းချက်မဟုတ်ဘူး၊ အဲ့တော့ ဥပဒေတစ်ခုဟာ မဖျက်သိမ်းရသေးသရွေ့ကတော့ ကျနော်တို့က သတိထားပြီး ဆောင်ရွက်ရမှာပဲ၊ ကိုယ့်ရဲ့အလုပ်ကိုလည်း လုပ်ရမယ် တည်ဆဲဥပဒေကိုလည်း သိရမယ်၊ အဲ့ဒီနှစ်ခုကြားမှာ ကျနော်တို့လည်း အဲ့လိုပဲရှင်သန်ခဲ့ရပါတယ်၊ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ အဲ့လိုရှင်သန်ခဲ့ရပါတယ်၊ ဥပေဒကို ပြုပြင်တာသုံးသပ်တာက တစ်ကဏ္ဍပဲ၊ ဒါပေမဲ့ ဥပဒေကို လိုက်နာမှုအပိုင်းကတော့ ဘယ်သူမှ ပေါ့ဆလို့မရပါဘူး၊ အဲ့တော့ ကျနော်တို့ မီဒီယာသင်တန်း တွေမှာ သင်တာတွေ့ရပါတယ်။ ဘယ်လောက်အန္တရာယ်ရှိလဲ၊ ရမယ့်ဟာနဲ့ ပေးဆပ်ရမယ့်ဟာနဲ့ ဥပဒေဘာထားလဲ ထိန်းချုပ်မှုက ဘာရှိလဲ၊ လုပ်ပိုင်ခွင့်က ဘာရှိလဲ၊ အဲ့ဒီကြားမှာပဲ ကိုယ်က ရှင်သန်အောင်လုပ်ရတာပဲလေ၊ ဒါကြောင့် သတိထားပြီးတော့ လုပ်ကိုင်ဆောင်ရွက်သွားကြဖို့ပဲ အကြံပေးချင်ပါတယ်"

ပြည်တွင်းမီဒီယာအပါအဝင် နိုင်ငံပိုင်မီဒီယာတွေအနေနဲ့ မြန်မာအကြောင်းကို ပုံဖော်ရေးသားတင်ပြတာ အားနည်းခဲ့လို့ နိုင်ငံတကာမီဒီယာတွေရဲ့ စိတ်ကြိုက်ပုံဖော်တာကို ခံခဲ့ရတာ ဖြစ်တယ်လို့ ဒုဝန်ကြီးက ပြောခဲ့ပါတယ်။

ရွေးချယ်တင်မြှောက်ခံရတဲ့ သတင်းမီဒီယာ ကောင်စီဝင်သစ်တွေနဲ့ ပြန်ကြားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒု ဝန်ကြီးတို့ ရန်ကုန်မြို့ ပြန်ကြားဝန်ကြီးဌာန ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေး ဦးစီးဌာနမှာ တွေ့ဆုံရာမှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့တွေ့ဆုံပွဲမှာ ရွေးချယ်တင်မြှောက်ခံရတဲ့ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌသစ် ဟံသာဝတီ ဦးအုန်းကြိုင်က အစိုးရက ချပေးလိုက်တဲ့ သတင်းမီဒီယာ ကောင်စီရုံးခန်းအသစ် ပြင်ဆင်နေမှု အခြေအနေနဲ့ လိုအပ်ချက်တွေကိုသာ တင်ပြသွားခဲ့ပါတယ်။

ကောင်စီဝင်တွေကလည်း သတင်းမီဒီယာဥပဒေ အမြန်ဆုံး ပေါ်ထွက်လာရေးစတဲ့ အချက်တွေကို တင်ပြခဲ့ကြ ပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုဝန်ကြီး ဦးအောင်လှထွန်းနဲ့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်သစ်တွေ တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
https://www.rfa.org/burmese
သတင်းမီဒီယာသမားတွေ တည်ဆဲဥပဒေတွေကို လိုက်နာဖို့ လိုအပ်ကြောင်း ဒုဝန်ကြီး ပြော သတင်းမီဒီယာသမားတွေ တည်ဆဲဥပဒေတွေကို လိုက်နာဖို့ လိုအပ်ကြောင်း ဒုဝန်ကြီး ပြော Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.