ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေကို UWSA "၀" စစ်ဆေး

ဝ မြို့အဝင်ကို တွေ့ရစဉ် / Photo: Kan Thar/ RFA
ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ "၀"ဒေသမှာ အစွန်းရောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တချို့ကို UWSA က စစ်ဆေးနေပါတယ်။

ဘာသာရေးအစွန်ရောက်တချို့နဲ့ ပြင်ပက လာရောက်ပြီး ခွင့်ပြုချက်မရဘဲ ဘာသာရေးလုပ်သူတွေ၊ ပြဌာန်းဥပဒေကို ကျော်လွန်ပြီး ဒေသကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်သူတွေကို စစ်ဆေးမေးမြန်းနေတယ်လို့ UWSA ရဲ့ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက RFA ကို ဖြေကြားပါတယ်။

မနေ့က မနက်ပိုင်းက UWSA ရဲ့ ခရစ်ယာန်ကျောင်းနဲ့ ပတ်သက်တဲ့ သတိပေးစာဆိုပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံလာခဲ့ပါတယ်။

အဲ့ဒီသတိပေးစာထဲမှာ ၀ ဒေသတစ်ခုလုံးက ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေကို တစ်ဦးချင်း သေချာ စစ်ဆေးဖို့၊ ၁၉၈၉ ကနေ ၁၉၉၂ ခုနှစ်နောက်ပိုင်း ဆောက်လုပ်ထားတဲ့ ဘုရားကျောင်းတွေကို ပယ်ဖျက်ဖို့၊ ဘုရားကျောင်းအသစ်တွေ လုံးဝဆောက်လုပ်ခွင့်မပြုတော့ဘဲ ဘာသာဝင် ထပ်မံသွင်းခွင့်မပြုဖို့နဲ့ UWSA ဗဟိုရဲ့ ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားတဲ့ ဘာသာရေးအဆောက်အဦးတွေကို ဖြိုချဖို့ ပါရှိပါတယ်။

အဲ့ဒီသတိပေးစာနဲ့ပတ်သက်ပြီး ဦးညီရမ်းကို မေးမြန်းရာမှာ ငြင်းဆိုခြင်းမရှိပေမယ့် ဘာသာပြန်တာတချို့ လွဲနေတယ်လို့သာ ဖြေကြားပါတယ်။

ဝ ဒေသမှာ အများစုက နတ်ကိုးကွယ်သူတွေဖြစ်ကြပြီး နှစ်ခြင်း ခရစ်ယာန်နဲ့ ရိုမန်ကတ်သလစ် ခရစ်ယာန်တွေ ရှိကြပါတယ်။

အခုဖြစ်တာကတော့ နှစ်ခြင်း ခရစ်ယာန်ဘာသာရေးကျောင်းတွေဖြစ်ပြီး မနက်ဖြန်မှာ ကတ်သလစ် ဘုန်းတော်ကြီး တွေက သွားရောက်ကြည့်ရှုမယ်လို့ မြန်မာနိုင်ငံ ကတ်သလစ် ဘာသာရေးအဖွဲ့စည်းက ပြောပါတယ်။

အတည်မပြုနိုင်သေးတဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ခရစ်ယာန်ဘုရားကျောင်း ၂၀ ကျော်ကို ပိတ်ပစ်တာတွေ၊ ဘာသာဝင်တွေကို ခေါ်ယူစစ်ဆေးတာ၊ ဘုရားကျောင်းတွေမှာ ၀တ်ပြုခွင့်မရတာတွေ၊ ခရစ်ယာန် သင်းအုပ် ဆရာတော်တွေကို လက်ထိပ်ခတ် ဖမ်းဆီးတာတွေနဲ့ ဘာသာဝင်တွေကို ဖမ်းဆီးပြီး ကတုံး တုံးတာတွေကို ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်က ပြောခွင့်ရသူတစ်ဦးကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လည်း လူတိုင်းလွပ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်လို့ ပြဌာန်းထားသလို လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ပိတ်ပင်တာ ဆိုရင်တော့ လူ့အခွင့်ရေးကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောပါတယ်။

ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ "၀" ဒေသမှာ  မြန်မာနိုင်ငံက သုံးစွဲနေတဲ့ ဥပဒေတွေက ထိရောက်မှုမရှိသလို လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်ပြည်မှာ အလားတူ ပြဿနာမျိုး ဖြစ်ပွားခဲ့တာကြောင့် တရုတ်ရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်တာလားလို့ သုံးသပ်ကြောင်း ဘာသာရေးခေါင်းဆောင်တွေက ဝေဖန်ပြောဆိုပါတယ်။

RFA Burmese
https://www.rfa.org/burmese
ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေကို UWSA "၀" စစ်ဆေး ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေကို UWSA "၀" စစ်ဆေး Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.