ဧရာမ တိုက်ဖွန်းမုန်တိုင်း ဂျပန်ကိုဝင်

မုန်တိုင်းဂျယ်ဘီရဲ့ လေတိုက်နှုန်းဟာ ထရပ်ကားတစီးကို လှဲစောင်းနိုင်ပါတယ်။
ဂျပန်နိုင်ငံမှာ ၂၅ နှစ်အတွင်းမှာ အကြီးဆုံး ဧရာမ မုန်တိုင်းကြီးတခု တိုက်ခတ်နေလို့ လူ ၁ သန်းကျော်ကို အိုးအိမ်တွေကနေ ရွှေ့ပြောင်းဖို့ နှိုးဆော်နေပါတယ်။

ဂျယ်ဘီလို့ အမည်ပေးထားတဲ့ ဒီတိုက်ဖွန်းဟာ လေတိုက်နှုန်းပြင်းအား တနာရီကို ၁၃၅ မိုင် တိုက်ခတ်နေပြီး မိုးသည်းထန်စွာ ရွာနေပါတယ်။

ဒီမုန်တိုင်းကြောင့် လှိုင်းကြီး၊ ရေလျှံ မြေပြိုမှုတွေ ဖြစ်နိုင်ကြောင်း ဂျပန် မိုးလေဝသဌာနက ကြေညာချက် ထုတ်ထားပါတယ်။
ဧရာမ မုန်တိုင်းရဲ့ လမ်းကြောင်း ပြမြေပုံ
ဂျေဘီမုန်တိုင်းရဲ့ ကြီးမားတဲ့ လှိုင်းတံပိုးတွေကြောင့် ကားလမ်းတံတားတခုကို ရေနံတင်သင်္ဘောတစီးက ဝင်တိုက်မိခဲ့သလို ကျိုတိုမှာရှိတဲ့ မီးရထားဘူတာရုံ အမိုးတွေလည်း လေပြင်းကြောင့် နိမ့်ဆင်းခဲ့ပါတယ်။

တိုက်ဖွန်းဟာ ရှီကိုးကုကျွန်းတဝိုက်ကို တိုက်ခတ်ခဲ့ပြီး ဂျပန်ရဲ့ပင်မကျွန်းဖြစ်တဲ့ ဟွန်ရှုးကျွန်းကို ဆက်ပြီး တိုတ်ခတ်နေပါတယ်။

လေယာဉ်တရာကျော် ၊ ရထားတွေနဲ့ ကျွန်းတွေကူးတဲ့ သင်္ဘောဖယ်ရီတွေကို ရပ်နားထားရပြီး ဂျပန်ရဲ့ ယူနီဗာဆယ်စတူဒီယို အပြင် အိုစကာဥယျာဉ်နားက နာမည်ကြီးပြတိုက် တခုကိုလည်း ပိတ်ထားရပါတယ်။
ဒီတိုက်ဖွန်းရဲ့ လေတိုက်ပြင်းနှုန်းက တနာရီကို ၁၃၅မိုင် တိုက်ခတ်ပါတယ်
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ အရေးပေါ် အစည်းအဝေးခေါ်ယူပြီး လူတွေရဲ့ အသက်တွေကို ကယ်ဆယ်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ပြောခဲ့ပါတယ်။

မုန်တိုင်းစတိုက်ခတ်တုန်း ရိုက်ထားတဲ့ ဗီဒီယိုဖိုင်မှာတော့ ဧရာမလှိုင်းတံပိုးတွေ ကမ်းခြေကို တိုက်လာပုံနဲ့ အပျက်အစီးတွေ လေထဲမှာ ဝဲပျံနေတာတွေကို တွေ့ရပါတယ်။

ဂျပန်နိုင်ငံဟာ ပုံမှန်အားဖြင့် နွေရာသီမှာ ပြင်းထန်တဲ့ မုန်တိုင်းတွေ တိုက်ခတ်လေ့ရှိပြီး ဇူလိုင်လအတွင်းမှာ ဖြစ်ခဲ့တဲ့ ရေကြီးမြေပြိုမှုတွေကြောင့် လူနှစ်ရာကျော် သေဆုံးခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese
ဧရာမ တိုက်ဖွန်းမုန်တိုင်း ဂျပန်ကိုဝင် ဧရာမ တိုက်ဖွန်းမုန်တိုင်း ဂျပန်ကိုဝင် Reviewed by THITHTOOLWIN on 19:58 Rating: 5
Powered by Blogger.