ကလေးပြန်ပေးဆွဲတဲ့ ကောလာဟလသတင်းကြောင့် လူတဦးသေဆုံး


 အိန္ဒိယနိုင်ငံမှာ အင်တာနက်လူမှုကွန်ရက်ကတဆင့် ကလေးပြန်ပေးဆွဲမှု သတင်းမှားကြောင့် လူတဦး သေဆုံးပြီး၊ ၃၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ ညနေပိုင်းက ကာနာတကာပြည်နယ်၊ ဘိုင်ဒါခရိုင်မှာ လူ နှစ်ထောင်လောက်က Google ကုမ္ပဏီ ဝန်ထမ်းတဦးနဲ့ သူ့မိတ်ဆွေ နှစ်ဦးကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

မိုဟာမက် အာဇမ် အမည်ရှိ အသက် ၂၇ နှစ်အရွယ် ဂူဂယ် ဝန်ထမ်းဟာ ကာတာနိုင်ငံသားတဦးအပါအ၀င် မိတ်ဆွေနှစ်ဦးနဲ့အတူ ဟိုက်ဒရာဘတ်မြို့ကို ကားနဲ့ပြန်လာကြစဉ်အတွင်း၊ လမ်းမှာ ကျောင်းသားလေးတွေကိုတွေ့လို့ ကာတာကနေ ဝယ်ယူလာတဲ့ ချောကလက်တွေ ဝေပေးခဲ့ကြပါတယ်။ အဲဒီလိုဝေပေးနေစဉ်မှာ ကလေးငယ်တဦးက ရုတ်တရက် ငိုယိုလိုက်ရာမှာ လူကြီးတွေ ဝိုင်းလာကြပြီး၊ ကလေးပြန်ပေးဆွဲဖို့ ကြိုးစားသူတွေအဖြစ် စွပ်စွဲတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

အဲဒီအချိန်က ဒေသတွင်းမှာ ကလေးပြန်ပေးဆွဲဂိုဏ်းတွေ ပေါ်ပေါက်နေကြောင်း Facebook ရဲ့ Whatsapp ကတဆင့် ကောလာဟလ သတင်းတွေ ပျံ့နှံ့နေချိန်ဖြစ်ပါတယ်။

အာဇမ်နဲ့ မိတ်ဆွေနှစ်ဦး ကားနဲ့ထွက်ပြေးဖို့ ကြိုးစားခဲ့ကြပေမဲ့ ရာနဲ့ချီများပြားလာနေတဲ့လူအုပ်ကြီးရဲ့ တိုက်ခိုက်မှုကြောင့် အာဇမ် သေဆုံးသွားခဲ့ပြီး၊ ကျနှ်နှစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့က လူစုခွဲခဲ့ပြီး၊ တိုက်ခိုက်သူ ၃၂ ဦးကို ဖမ်းဆီးလိုက်ပြီး၊ ကျန်တဲ့သူတွေကို ဆက်လက်ရှာဖွေနေပါတယ်။

အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်လအတွင်း ကလေးပြန်ပေးဆွဲမှု ကောလာဟလသတင်းကြောင့် လူစုလူဝေးနဲ့ တိုက်ခိုက်ခံခဲ့ရသူပေါင်း ၂၀ ကျော် ရှိခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ကလေးပြန်ပေးဆွဲတဲ့ ကောလာဟလသတင်းကြောင့် လူတဦးသေဆုံး ကလေးပြန်ပေးဆွဲတဲ့ ကောလာဟလသတင်းကြောင့် လူတဦးသေဆုံး Reviewed by THITHTOOLWIN on 11:40 Rating: 5
Powered by Blogger.