ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၄၂ ဦးရှိ

ဖားကန့်မြို့နယ် ရပ်ကွက်အချို့ ရေနစ်မြုပ်နေတာကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုမှာ ဇွန်လလယ်ပိုင်းကစပြီး ရေကြီးရေလျှံမှုတွေကြောင့် လူ ၄၂ ယောက် သေဆုံး ခဲ့ပြီး လူဦးရေ ၅ သောင်းနီးပါး ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။

ဇွန်လ ၁ဝ ရက်နေ့ နောက်ပိုင်းကနေ လကုန်အထိ စာရင်းတွေအရ ရေကြီးရေလျှံမှုတွေကြောင့် ပြောင်းရွှေ့ခဲ့ရတယ် လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါ တယ်။

"ရေဝင်တဲ့ဟာကကျတော့ ၁ သောင်း ၁ ထောင်ကျော်၊ မျောပါပျက်စီးတဲ့ အိမ်ခြေတွေကတော့ ၁ ထောင့် ၁ ရာကျော်၊ ပြောင်းရွှေ့တဲ့ အိမ်ထောင်စုက ၁ သောင်း ၃ ထောင်ကျော်၊ လူဦးရေက ၄ သောင်း ၉ ထောင်ကျော်၊ ပြောင်းရွှေ့တာပဲပေါ့နော်၊ သေတဲ့သူက ၄၂ ဦးရှိပါတယ်၊ ပြည်နယ်နဲ့တိုင်း ၁၂ ခုပါတယ်၊ အဲဒီဟာက ဇွန်လ ၁ဝ ရက်နေ့ နောက်ပိုင်းကနေစပြီးတော့ ဇွန်လ ကုန်ထိပေါ့"

စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနသာင်္ရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်း စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် စစ်ကိုင်း၊ မကွေး၊ ဧရာဝတီ၊ ရခိုင်နဲ့ ကချင် စတဲ့တိုင်းနဲ့ ပြည်နယ် ၅ ခုက လူ ၄၂ ယောက် သေဆုံးသွားခဲ့တာဖြစ်ပြီး ၁၁ ယောက် ဒဏ်ရာရာခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရေကြီးရေလျှံမှုတွေကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့က စိုက်ခင်းတွေနဲ့ လယ်ယာမြေတွေ ရေနစ်မြုပ်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။

သေဆုံးသွားသူတွေအတွက် တစ်ယောက်ကို ငွေကျပ် ၃ သိန်းနှုန်း၊ ဒဏ်ရာရသူတွေအတွက် တစ်ယောက်ကို ကျပ် ၅ သောင်းနှုန်းအပြင် ပြောင်းရွှေ့ခဲ့ရသူတွေအတွက် ဆန်ရိက္ခာတွေ၊ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ အိမ်ဆောက် ပစ္စည်းတွေ စုစုပေါင်း ငွေကျပ်သိန်း ၁,၆ဝဝ ကျော် ထောက်ပံ့ပေးထားတယ်လို့ လူကယ်ပြန်ဝန်ကြီးဌာနက ပြောပါတယ်။

ကချင်ပြည်နယ် လုံးခင်းနဲ့ ဖားကန့်မြို့နယ်တွေမှာ ဇူလိုင်လ ၂ ရက်နေ့က ဥရုချောင်းရေကြီးပြီး အနိမ့်ပိုင်း ရပ်ကွက်အချို့ ရေနစ်မြုပ်ခဲ့တာကြောင့် စာသင်ကျောင်းတချို့ ယာယီပိတ်ထားရတာတွေရှိခဲ့ပါတယ်။ ဒါ့အပြင် မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ရုတ်တရက်ရေကြီးလာတာကြောင့် မုတ္တမတိုက်နယ်ဆေးရုံက လူနာတချို့ကို မော်လမြိုင်ဆေးရုံကို ရွှေ့ပြောင်းထားရပါတယ်။

RFA Burmese
https://www.rfa.org/burmese
ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၄၂ ဦးရှိ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၄၂ ဦးရှိ Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.