တရုတ်၌ သွားရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားအဖွဲ့ စားသုံးသည့် မှိုအဆိပ်သင့်မှုကြောင့် (၆)ဦးသေဆုံး


မူဆယ် ဇွန် ၁၈

မြန်မာနိုင်ငံ မူဆယ်မြို့နှင့် ဆက်စပ်လျက်ရှိသော တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ လုံချွမ်းမြို့နယ် ကျန်းဖုန်းမြို့အတွင်းရှိ ငရုတ်စိုက်ခင်းသို့ သွားရောက်လုပ်ကိုင်ကြသော မြန်မာအလုပ်သမား ၁၃ ဦးသည် စိုက်ခင်းတောစပ်တွင် တွေ့ရှိသော မှိုပင်များအားခူးဆွတ်၍ ညစာအဖြစ် ချက်ပြုတ်စားသောက်ခဲ့ရာမှ မှိုအဆိပ်သင့်မှုကြောင့် (၆)ဦးသေဆုံး ခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ မြန်မာနိုင်ငံ မူဆယ်မြို့နှင့် ဆက်စပ်လျက်ရှိသော တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ လုံချွမ်းမြို့နယ် ကျန်းဖုန်းမြို့အတွင်းရှိ ငရုတ်စိုက်ခင်းသို့ သွားရောက်လုပ်ကိုင်ကြသော မြန်မာအလုပ်သမား ၁၃ ဦးသည် ဇွန် ၁၁ ရက်က စိုက်ခင်းတောစပ်တွင် တွေ့ရှိသော မှိုပင်များအားခူးဆွတ်၍ ညစာအဖြစ် ချက်ပြုတ်စားသောက်ခဲ့ရာမှ ညအချိန်တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး အော့အန်မှုများဖြစ်ပွားကြသဖြင့် ၄င်းတို့၏ အလုပ်ရှင်သူဌေးက ဇွန် ၁၂ ရက်တွင် ကျန်းဖုန်းမြို့ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့သော်လည်း နေရင်း နိုင်ငံတွင်သာ ပြန်လည်၍ ဆေးကုသမှုခံယူလိုကြသော ကိုတင်ဇော်လတ် ဦးဆောင်သော ခုနစ်ဦးအဖွဲ့သည် မူဆယ်မြို့ ပြည်သူဆေးရုံသို့ ဇွန် ၁၃ ရက်တွင် ရောက်ရှိလာခဲ့ကြပြီး ဆေးကုသမှုများ ခံယူခဲ့ကြသည်။ ထပ်မံ၍ ဇွန် ၁၄ ရက်တွင် နောက်ထပ်တစ်ဦးရောက်ရှိလာပြီး ဆေးကုကြသော်လည်း ကျန်ရှိသည့် အလုပ်သမားလူနာငါးဦးမှာ စက်လှေစရိတ် မတတ်နိုင်သဖြင့် မြန်မာနိုင်ငံသို့ လိုက်ပါနိုင်ခြင်းမရှိကြောင်း သိရသည်။

မူဆယ်ဆေးရုံသို့ ရောက်ရှိလူနာများသည် မှိုဆိပ်တစ်ကိုယ်လုံးပျံ့နှံ့နေသဖြင့် ဆရာဝန်များက အစွမ်းကုန်ကြိုးစားကုသပေးသော်လည်း ဇွန် ၁၆ ရက်တွင် တစ်ဦး သေဆုံးခဲ့ပြီး မောင်အောင်လေး (၂၉ နှစ်)အား လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ကွန်ရက်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် သို့ ပို့ဆောင်ပေးခဲ့ရာ လူနာမှာ လမ်းတွင်သေဆုံးခဲ့သည်။

အဆိုပါလူနာများအနက် ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦးတို့ သေဆုံးခဲ့ပြီး ညနေပိုင်းတွင်လည်း အမျိုးသားတစ်ဦး ထပ်မံ၍ သေဆုံးခဲ့သည်။ လူနာများ၏ မိသားစုဝင်များရောက်ရှိလာကြပြီး ပြုစုကြသော်လည်း ဇွန် ၁၈ ရက်တွင် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြန်သည်။

အလုပ်သမားအဖွဲ့သည် မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ကျောင်းကုန်းကျေးရွာ (ရခိုင်ပြည်နယ်အစပ်)၊ အထက်မင်းလှမြို့နယ်အတွင်းရှိ အိုးဘိုကုန်းကျေးရွာနှင့် မြေခြား ကျေးရွာများမှ လာရောက်လုပ်ကိုင်ကြသူများ ဖြစ်ကြသည်။ ဆေးရုံတွင် ကျန်ရှိသူတစ်ဦး ကိုလည်း အသက်ကယ်ဆေးထိုးနှံပြီး ကုသပေးလျက်ရှိသည်။

မူဆယ်ဆေးရုံသို့ ရောက်ရှိလာကြသည့် လူနာနှင့် သေဆုံးသူများအတွက် စေတနာ ရှင်များဖြစ်ကြသော မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ရုံးအဖွဲ့က ငွေကျပ် ၃၈၆ဝဝဝ၊ ကိုလှိုင်ဟိန်း မင်းနှင့် မခင်အိအိချို မိသားစု မန့်ဝိန်းရပ်ကွက်က ငွေကျပ်လေးသိန်း၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(မူဆယ်ခရိုင်)က ငွေကျပ် ၃၂၆ဝဝဝ၊ ဒေါ်မြမြစန်း (ဆေးလူမှု ဆက်ဆံရေးမှူး)က ငွေကျပ် ၁၆၂ဝဝဝ နှင့် အဝတ်အစားမျိုးစုံ၊ ကရုဏာလူမှုကူညီရေး အသင်းက ငွေကျပ် ၁၂ဝဝဝဝ နှင့် ချင်းစာပေနှင့် ယဉ်ကျေးမှုအသင်းက ငွေကျပ် သုံးသိန်း စုစုပေါင်း ငွေကျပ် ၁၆၆၈ဝဝဝ ကို လှူဒါန်းကြရာ လူနာရှင်နှင့် ကျန်ရစ်သူ မိသားစုဝင်များကို ပေးအပ်ခဲ့ကြောင်းနှင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် သေဆုံးသူများအား မူဆယ်မြို့ သုသာန်ရှိ ဗုဒ္ဓဘာသာသင်္ချိုင်းနှင့် ခရစ်ယာန်သင်္ချိုင်းများသို့ ပို့ဆောင်သင်္ဂြိုဟ် ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တရုတ်၌ သွားရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားအဖွဲ့ စားသုံးသည့် မှိုအဆိပ်သင့်မှုကြောင့် (၆)ဦးသေဆုံး တရုတ်၌ သွားရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားအဖွဲ့ စားသုံးသည့် မှိုအဆိပ်သင့်မှုကြောင့် (၆)ဦးသေဆုံး Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.