မြန်မာနဲ့ဆီရီးယားအပါအဝင် ကမ္ဘာအနှံ့ လူ ၆၈.၅ သန်း ဒုက္ခသည်ဖြစ်နေရ

( မြစ်ကြီးနားမှာ ခိုလှုံနေတဲ့ ကချင်ဒုက္ခသည်တွေကို တွေ့ရစဉ် )
စစ်ပွဲတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေကြောင့် မြန်မာနဲ့ ဆီးရီယားနိုင်ငံတွေလို့  ကမ္ဘာဒေသအများအပြားမှာ စံချိန်တင် အရေအတွက်ဖြစ်တဲ့ လူဦးရေ စုစုပေါင်း ၆၈ သန်းခွဲဟာ မိမိတို့ အိုးအိမ်ကို စွန့်ပစ်ပြီး ထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂက ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

၂ဝ၁၇ နှစ်ကုန် စာရင်းအချက်အလက်တွေအရ ဒုက္ခသည်နဲ့ IDP အရေအတွက်ဟာ အရင်နှစ်က စာရင်းထက် လူ ၃ သန်းပိုများလာပြီး အရင် ၁ဝ နှစ်ကထက်စာရင် ၅ဝ ရာခိုင်နှုန်း တိုးလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဆိုပါတယ်။

လက်ရှိ အိုးအိမ်စွန့်ထွက်ပြေးနေထိုင်နေရတဲ့ လူအရေအတွက်ဟာ ထိုင်းနိုင်ငံရဲ့ လူဦးရေးနဲ့ ထပ်တူညီမျှရှိနေပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ လူ ၁၁ဝ မှာ ၁ ဦးနှုန်း နေအိမ်စွန့်ခွာ ထွက်ပြေးနေထိုင်နေရတယ်လို့ ဆိုပါတယ်။

ဒီအထဲက လူဦးရေ ၇ဝ ရာခိုင်နှုန်းဟာ နိုင်ငံ ၁ဝ နိုင်ငံက ဒုက္ခသည်တွေဖြစ်ပြီး တနေ့ကို လူဦးရေ ၄ သောင်းခွဲနီးပါး၊ ၂ စက္ကန့်ကို ၁ ယောက်နှုန်းနီးပါး နေအိမ်ကနေ ထွက်ပြေးနေကြရတယ်လို့ UNHCR အစီအရင်ခံစာကရေးပါတယ်။

၂ဝ၁၇ ခုနှစ် နှစ်ကုန်စာရင်းအရ ကိုလံဘီယာ၊ ဆီးရီးယား၊ ကွန်ဂိုနိုင်ငံတွေက ဒုက္ခသည် အရေအတွက် ဟာ သန်း ၄ဝ ခန့်ရှိပြီး တခြားနိုင်ငံတွေက ၂၅ သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။ ဒီ ၂၅ သန်းထဲမှာ ကလေးသူငယ်တွေက ထက်ဝက်ရှိပြီး မနှစ်ကထက် ၃ သန်း ပိုများလာတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ဒုက္ခသည်အရေအတွက်ဟာလည်း မနှစ်ကထက် ၂ ဆပိုများလာခဲ့ပြီး အဲအများစုဟာ မြန်မာ့တပ်မတော်ကနှိမ်နင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ပြေးဝင်လာကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ ဖြစ်တယ်လို့ ကုလသမဂ္ဂအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
မြန်မာနဲ့ဆီရီးယားအပါအဝင် ကမ္ဘာအနှံ့ လူ ၆၈.၅ သန်း ဒုက္ခသည်ဖြစ်နေရ မြန်မာနဲ့ဆီရီးယားအပါအဝင် ကမ္ဘာအနှံ့ လူ ၆၈.၅ သန်း ဒုက္ခသည်ဖြစ်နေရ Reviewed by THITHTOOLWIN on 19:01 Rating: 5
Powered by Blogger.