မူးယစ်တရားခံပြေးအားဖမ်းဆီးရာမှ ပစ္စတိုသေနတ်နှစ်လက် လက်ပစ်ဗုံးသုံးလုံးနှင့် ကျည်ဆံများ သိမ်းဆည်းရမိ


မိုးညှင်း ဇွန် ၂၀

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် နန်းမားကျေးရွာ၌ ဇွန်၂၀ရက် နံနက်၆နာရီခွဲက မူးယစ်ဆေးဝါးပုဒ်မဖြင့် ဖမ်းဝရမ်းထုတ်ထားသူ မူးယစ် တရားခံပြေးအား ရှောင်တခင်ဝင်ရောက်ဖမ်းဆီးရာမှ တရားခံမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ၎င်းကိုင်ဆောင်သည့် ပစ္စတိုသေနတ် နှစ်လက် လက်ပစ်ဗုံးသုံးလုံးနှင့်အတူ ကျည်ဆံ ၂၅ တောင့်အား သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ဒုတိယရဲအုပ်ဇော်လွင် ဦးစီးတပ်ဖွဲ့ဝင်များသည် နန်းမားနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ သက်သေများနှင့်အတူ နန်းမားနယ်မြေရဲစခန်းမှ မူးယစ်ဆေးဝါး ပုဒ်မဖြင့် ဖမ်းဆီးရန်အလိုရှိသူ မူးယစ်တရားခံပြေး မိုးညှင်းမြို့နယ်၊ တာင်အင်းကျေးရွာအုပ်စု၊အောင်မြေကျေးရွာနေ အောင်ဝင်းထွန်း (ခ)ထွန်းထွန်း(၄၅)နှစ်သည် အောင်မြေကျေးရွာယာခင်းအနီး ၎င်း၏နေအိမ်၌ ရောက်ရှိနေကြောင်း သတင်းအရ ရှောင်တခင် ဝင်ရောက်ရှာဖွေရာ အောင်ဝင်းထွန်း(ခ)ထွန်းထွန်းမှာ ထွက်ပြေး လွတ်မြောက်သွားပြီး ၎င်း၏ဇနီးဖြစ်သူ မဆိုင်းပန်(၂၅)နှစ်အားတွေ့ရှိရ၍ အိမ်နှင့်အနီးပတ်ဝန်းကျင်တွင် ရှာဖွေစစ်ဆေးရာ အိမ်နောက်ဖက် အိမ်သာဘေးမှ ကော်ဗူးနှင့်ထည့်ထားသည့် ဘိန်းဖြူ ( သုံည ဒသမ ၂ ) ဂရမ်အား တွေ့ရှိသိမ်းဆည်းပြီး နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းအိပ်ယာဘေးမှ ခါးပတ်လွယ်အိပ်ဖြင့်ထည့်ထားသည့် M-20 အမျိုးအစား (N-1107882)နံပတ်ပါ ပစ္စတိုတစ်လက်၊၎င်းအမျိုးအစား (N-034098)နံပတ်ပါ ပစ္စတိုတစ်လက်၊M-20 ပစ္စတိုကျည်ဆံ(၂၄) တောင့်နှင့် ကျည်အိမ်နှစ်ခု၊၇.၆၂×၃၉ ကျည်ဆံ(၅)တောင့်၊တရုတ်နိုင်ငံလုပ် MG-1 ပလပ်စတစ်လက်ပစ်ဗုံး(နာနတ်သီးပုံ) သုံးလုံးနှင့် ၎င်းအမျိုးအစား (ဖြူးစ်)သုံးချောင်းတို့အား ရှာဖွေတွေ့ရှိခဲ့၍ သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ် ဆေးဝါးနှင့် လက်နက်ခဲယမ်းများ လက်ဝယ်တွေ့ရှိသူ မဆိုင်းပန်နှင့် ထွက်ပြေးလွတ်မြောက်သွားသူ မူးယစ်တရားခံပြေး အောင်ဝင်းထွန်း(ခ)ထွန်းထွန်းတို့နှစ်ဦးအား နန်းမားနယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင် ကချင်မြေ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မူးယစ်တရားခံပြေးအားဖမ်းဆီးရာမှ ပစ္စတိုသေနတ်နှစ်လက် လက်ပစ်ဗုံးသုံးလုံးနှင့် ကျည်ဆံများ သိမ်းဆည်းရမိ မူးယစ်တရားခံပြေးအားဖမ်းဆီးရာမှ ပစ္စတိုသေနတ်နှစ်လက် လက်ပစ်ဗုံးသုံးလုံးနှင့် ကျည်ဆံများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 20:10 Rating: 5
Powered by Blogger.