ရေတာရှည်မြို့နယ်တွင် တစ်ရက်တည်းယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ


ရေတာရှည် ဇွန် ၂ဝ

မြန်မာနိုင်ငံတွင် နေ့စဉ် ယာဉ်စီးရေအများဆုံးအသုံးပြုလျက်ရှိသော ရန်ကုန်-မန္တလေးပြည်ထောင် စုလမ်းမကြီးတွင် ယာဉ်မတော်တဆ မှုများမကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် ဇွန်(၁၉)ရက်နေ့ တစ်ရက်တည်း ယာဉ်မတော်တဆမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ သုံးဦး သေးဆုံးကာ တစ်ဦးဒါဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

 ယင်းနေ့ နံနက်ပိုင်း ၆ နာရီအချိန်ခန့်က ရေတာရှည်မြို့နှင့်သပြေတန်းကျေးရွာအကြား ကားလမ်းမိုင်တိုင်အမှတ် ၁၉၄/ဝ နှင့် ၁ အကြားတွင် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိရကြောင်းသတင်းအရ ရေတာရှည်မြို့မရဲစခန်းမှ တာဝန်မှူး ရဲအုပ် လှမြင့် နှင့်အဖွဲ့ကသွားရောက်စစ်ဆေးခဲ့ရာ အသက်(၃ဝ)နှစ်ဝန်းကျင်ခန့် (အမည်၊နေရပ်စုံစမ်းဆဲ) ဦးခေါင်းနောက်စေ့ ပေါက်ပြဲ၊ နားနှင့်နားခေါင်းသွေးထွက်ဒါဏ်ရာများဖြင့်သေဆုံးနေပြီး အနီးမှ ဆိုင်ကယ် ဒူးကာအကွဲစတစ်ခု၊ နောက်ကြည့်မှန်ကွဲတစ်ခုတို့ကိုတွေ့ရှိရ၍ ဆိုင်ကယ်ပေါ်မှပြုတ်ကျ၍သေဆုံးခြင်းဖြစ်နိုင်ကြောင်းသုံးသပ်သဖြင့် ရေတာရှည်မြို့မရဲစခန်းက ယာဉ်(ပ)၁၇/၂ဝ၁၈ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄-က ဖြင့်အမှုဖွင့်စုံစမ်းလျက်ရှိသည်။


ထို့အတူ ည ၇ နာရီခွဲအချိန်ခန့်တွင် ဆွာမြို့တောင်ဘက်(၃)မိုင် (၆)ဖာလုံခန့်အကွာ ကားလမ်းမိုင်တိုင်အမှတ် ၁၉၆/၅ နှင့် ၆ အကြား ကုန်းကြီးကျေးရွာအုပ်စု၊ ပြီစုတ် ကျေးရွာအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဆွာနယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် မြလွင်ဦး နှင့်အဖွဲ့ကသွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း မြောက်မှတောင်သို့ သန်းထိုက်(၃၂)နှစ်၊ အင်ကြင်းကုန်းကျေးရွာနေသူမောင်းနှင်ပြီး တစ်ရွာတည်းနေ ဦးတင်အေး(၅၆)နှစ်က အလယ်ပါလိုက်ပါ၍ နောက်မှ စန်းလွင်ဦး(၃၃)နှစ်၊ မှန်စီကျေးရွာနေသူလိုက်ပါလာသော ၉ယ/----- လော်ဂျား ၁၁ဝ ဆိုင်ကယ်သည် အခင်းဖြစ်ပွားသည့်နေရာအရောက်တွင် ရှေ့မှ သွားနေသော ယာဉ်အား ကျော်တက်မောင်းနှင်စဉ် မျက်နှာချင်း ဆိုင်ဘက်မှလာသော ယာဉ်ဖြင့်တိုက်မိခဲ့ပြီး ကားလမ်းပေါ်သို့လွှင့် စင်ကျကာ ယာဉ်နှစ်စီးအကြားတွင်ရောက်ရှိကြိတ်မိခဲ့၍သန်းထိုက် နှင့် ဦးတင်အေး တို့မှာ ရရှိသော ဒါဏ်ရာများဖြင့်သေဆုံးသွားခဲ့ပြီး တစ်ဦးမှာဒါဏ်ရာများရရှိခဲ့၍ ဆွာနယ်မြေရဲစခန်းမှ ယာဉ်(ပ) ၁၂/၂ဝ၁၈ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄-က/၃၃၇ ဖြင့်အမှုဖွင့်ကာ တိုက်ပြေးသွားသောယာဉ်များအား ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

 ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရေတာရှည်မြို့နယ်တွင် တစ်ရက်တည်းယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ ရေတာရှည်မြို့နယ်တွင် တစ်ရက်တည်းယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 20:08 Rating: 5
Powered by Blogger.